
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်ထဲက အိုးပုံတောကျေးရွာကို စစ်တပ်က ဇူလိုင် ၂ ရက် ညနေ ၆ နာရီ ဝန်းကျင်မှာ ဂျိုင်ရိုကော်ပတာ ၂ စီးနဲ့ ဗုံးတွေ ကြဲချခဲ့တာကြောင့် ပြည်သူ ၄ ယောက်သေဆုံး၊ ၅ ယောက် ဒဏ်ရာရခဲ့ပြီး နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရ ပါတယ်။
နွားထိုးကြီးမြို့နယ် လူ့အခွင့်အရေးတာဝန်ခံ ကိုရန်ကုန်က “အိုးပုံတောရွာအလယ်ခေါင်ကို စစ်တပ်က ဂျိုင်ရိုကော်ပတာ ၂ စီးနဲ့ဗုံးတွေကြဲချသွားလို့ အသက် ၇၄ နှစ်အရွယ် ဦးမြင့်၊ အသက် ၁၈ နှစ်အရွယ် ၁၂ တန်းအောင်ပြီးသား မစုဝေလွင်၊ အသက် ၆၇ နှစ်အရွယ် ဦးကျော်ရင် နဲ့ အသက် ၅၁ နှစ်အရွယ် ကိုမိုးဆွေ တို့ နေရာမှာတင် သေဆုံးသွားကြပါတယ်။ ကိုမိုးဆွေရဲ့ ခန္ဓာကိုယ်ကတော့ ဗုံးထိပြီး တစစီကိုဖြစ်သွားတယ်” လို့ DVB ကို ပြောပါတယ်။
ဗုံးကြဲခံရမှုကြောင့် အသက် ၈၀ ကျော် အမျိုးသမီး ၁ ယောက်အပါအဝင် ၅ ယောက် ဒဏ်ရာ ရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရသူတွေလည်း ပါဝင်ကာ နေအိမ် ၅ လုံး ထက်မနည်း ထိခိုက် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
နွားထိုးကြီးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “အိုးပုံတောရွာဆိုတာ နွားထိုးကြီးရဲ့ အနောက်တောင်ဘက်ခြမ်းမှာရှိတာပါ။ အဲ့ဒီ အနောက်ဘက်ခြမ်းမှာ ဘာတိုက်ပွဲ မှလည်း ဖြစ်တာမရှိသလို PDF စခန်းတွေလည်းမရှိဘဲ မြင်းခြံဘက်ကတက်လာတဲ့ ဂျိုင်ရိုကော်ပတာ ၂ စီးနဲ့ ဗုံးတွေကြဲသွားတာပါ” လို့ ပြောပါတယ်။
နွားထိုးကြီးမြို့နယ်ရဲ့ အရှေ့ဘက်ခြမ်းမှာတော့ စစ်တပ်က မြေပြင်စစ်ကြောင်းထိုး ဝင်ရောက် နေတယ်လို့လည်း ဆိုပါတယ်။
မြေပြင်မှာ တိုက်ပွဲတွေမရှိပေမဲ့ စစ်တပ်က ပြည်သူကိုပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးဂရုစိုက်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။










