
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ထဲမှာရှိတဲ့ စစ်တပ်အထိုင်စခန်းတွေနဲ့ စစ်တပ် လက်အောက်ခံတွေကို ဇွန် ၂၀ ရက်နဲ့ ၂၁ ရက်နေ့တွေမှာ တိုက်ခိုက်ခဲ့ရာမှာ ဒရုန်းတစီးနဲ့ ခဲယမ်းတွေကို တော်လှန်ရေးအဖွဲ့တွေဘက်က သိမ်းဆည်းရရှိတယ်လို့ မြင်းခြံခရိုင် အမှတ် ၄ နဲ့ အမှတ် ၁၀ တပ်ရင်းတွေဆီကနေ သိရပါတယ်။
မြင်းခြံခရိုင် အမှတ် ၄ နဲ့ အမှတ် ၁၀ တပ်ရင်းတွေရဲ့ ပြန်ကြားရေးတာဝန်ခံက “၂၀ ရက်နေ့ ညနေ ၄ နာရီခွဲလောက်မှာ နွားထိုးကြီးမြို့ရဲ့ တောင်ဘက်အထွက်မှာရှိတဲ့ စစ်တပ်အထိုင်ဂိတ်နဲ့ ၂၁ ရက်နေ့ ညနေ ၃ နာရီမထိုးခင်မှာက နွားထိုးကြီးမြို့ရဲ့ အထင်ကရနေရာတခုဖြစ်တဲ့ ရှင်ပင်သာဒွန်းဦး ဘုရားပေါ်မှာ တပ်စွဲထားတဲ့ စခတွေကို ပြောက်ကျားနည်းနဲ့ သွားရောက်ပစ်ခတ်ခဲ့ကြတာပါ။ ၂၁ ရက်နေ့ ညနေ ၆ နာရီမထိုးခင်မှာတော့ ဖက်ခူးရွာဘက်ကနေ ထွက်လာကြတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခဲ့တာပါ” လို့ ပြောပါတယ်။
အဆိုပါ တိုက်ခိုက်မှုတွေအတွင်း စစ်တပ်လက်အောက်ခံတွေ ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့ပေမဲ့ သေဆုံးတဲ့ နောက်ဆက်တွဲ အခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူးလို့လည်း ဆိုပါတယ်။
မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းရဲ့ တပ်ခွဲမှူးတယောက်က “အဲဒီနေ့ နေ့လယ်ပိုင်းမှာပဲ မြို့ပေါ်မှာ တပ်စွဲနေတဲ့ သူတို့ရဲ့ ဘယ်အဖွဲ့က လွှတ်တင်လိုက်မှန်းမသိတဲ့ ဒလက် ၆ လက် ဒရုန်းတစီးကို ကျနော်တို့ဘက်က သိမ်းလိုက်နိုင်ခဲ့ပြီးတော့ ဖြစ်ခဲ့တဲ့တိုက်ပွဲတွေထဲမှာ ဖက်ခူးရွာဘက်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲက အပြင်းအထန်ပါပဲ။ သူတို့ဘက်က ဒဏ်ရာရတဲ့သူများလို့ တပ်ပျက်ပြီး ပြန်ဆုတ်သွားကြတယ်။ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာကနေ 5.56 ကျည်အတောင့် ၃၀၊ 7.62 ကျည်အတောင့် ၁၁၀၊ 40 မမ ကျည်တလုံးနဲ့ M16 ကျည်ဘောက်တခုတို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့ပါတယ်” လို့ DVB ကို ပြောပါတယ်။
ဇွန် ၂၀ ရက် ညပိုင်းကစပြီး နွားထိုးကြီးမြို့နယ်ရဲ့ မြောက်ဘက်ခြမ်းမှာလည်း စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
အဆိုပါတိုက်ပွဲတွေကြောင့် ပြည်သူတွေအနေနဲ့ နွားထိုးကြီး-ပြင်စည် လမ်းပိုင်းကို ဇွန် ၂၁ ရက်ကစပြီး မနက် ၅ နာရီကနေ ည ၇ နာရီအထိသာ အသုံးပြုသွားလာဖို့ မြင်းခြံခရိုင် အမှတ် ၄ နဲ့ ၁၀ တပ်ရင်းတွေက ထုတ်ပြန်ထားပါတယ်။










