
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ စစ်မှုထမ်းကိစ္စတွေကို ဖိအားပေး လုပ်ဆောင်နေတဲ့ စစ်အာဏာရှင်လက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ဝင်တယောက်ကို အမည်မသိ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သြဂုတ် ၉ ရက် မွန်းလွဲပိုင်း ၁ နာရီကျော်က နွားထိုးကြီးမြို့နယ်၊ အမှတ် ၆ ရပ်ကွက်က စစ်အာဏာရှင်ရဲ့ စစ်မှုထမ်းကိစ္စတွေမှာ ကူညီလုပ်ဆောင်ပေးနေတဲ့ အသက် ၄၀ ကျော်အရွယ် ဦးမျိုးမင်းလှိုင်ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။
ဒေသခံ အရပ်သားတယောက်က “အဖမ်းခံရတဲ့သူက စစ်မှုထမ်းကိစ္စတွေမှာ ရဲတွေ၊ စစ်သားတွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့သူ။ ဘယ်အဖွဲ့က ဖမ်းသွားလဲတော့ မသိဘူး။ ဆိုင်ကယ်နဲ့ ပြန်လာချိန် စောင့်ပြီး လမ်းပေါ်မှာ ဖမ်းခေါ် ခံရတာ” လို့ ပြောပါတယ်။
အမည်မသိ လက်နက်ကိုင်အဖွဲ့ဝင် ၁၀ ယောက်လောက်က ဦးမျိုးမင်းလှိုင်ကို နွားထိုးကြီးမြို့နယ်၊ ရွာသာအေးကျေးရွာနဲ့ မနှိုင်းသာကျေးရွာသွား လမ်းဆုံပေါ်မှာ စောင့်ကာ ဖမ်းဆီး ခေါ်ဆောင်သွားတာလို့ သိရပါတယ်။
စစ်အာဏာရှင်လက်အောက်ခံ သတင်းဌာနတွေနဲ့ တယ်လီဂရမ်ချန်နယ်တွေက ဦးမျိုးမင်းလှိုင် ဆိုသူကို တော်လှန်ရေးတပ် PDF အဖွဲ့က ဖမ်းတာလို့ ရေးသားဖြန့်ဝေချက်တွေအရ သိရပါတယ်။
ပြည်သူ့စစ်အဖွဲ့ဝင် ဆိုသူ ဖမ်းဆီးခေါ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ အသီးသီးဘက်က သြဂုတ် ၁၀ ရက် နေ့လယ်ပိုင်းအထိ သတင်းထုတ်ပြန်တာ မရှိပါဘူး။










