
ဂျပန်နိုင်ငံရဲ့ သမိုင်းတလျှောက် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်အဖြစ် လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) ခေါင်းဆောင်သစ် ဆာနာအဲ တာကာအိချိကို အောက်တိုဘာ ၂၁ ရက်မှာ လွှတ်တော်က ရွေးကောက်တင်မြှောက်လိုက်ပါတယ်။
အောက်လွှတ်တော်မှာ မဲခွဲရာမှာ တာကာအိချိက ပထမအကျော့မှာတင် မဲပေါင်း ၂၃၇ မဲ ရရှိခဲ့ပြီး ဒုတိယအကျော့ ဆက်ပြိုင်စရာမလိုဘဲ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ ပြိုင်ဘက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ယိုရှိဟိကို နိုဒါ ကတော့ ၁၄၉ မဲပဲ ရရှိခဲ့ပါတယ်။
အာဏာရ LDP ပါတီဟာ လွှတ်တော်မှာ အမတ်နေရာအများစု မရှိတာကြောင့် ဂျပန် တီထွင်ဆန်းသစ်ရေးပါတီ (JIP) နဲ့ ညွန့်ပေါင်းဖွဲ့ပြီးမှသာ တာကာအိချိအတွက် အနိုင်သေချာခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ဂျပန်ခေါင်းဆောင်ဖြစ်ဖို့အတွက် သူ့ရဲ့ တတိယအကြိမ် ကြိုးပမ်းမှုလည်း ဖြစ်ပါတယ်။
အသက် ၆၄ နှစ်အရွယ် တာကာအိချိဟာ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာကို အားကျသူဖြစ်ပြီး ဂျပန်ရဲ့ “သံမဏိလေဒီ” လို့ တင်စားခေါ်ဝေါ်ကြပါတယ်။
တာကာအိချိဟာ LDP ပါတီရဲ့ ၅ နှစ်အတွင်း ၄ ယောက်မြောက် ဝန်ကြီးချုပ်ဖြစ်လာပြီး ပါတီတွင်း သဘောထားတင်းမာတဲ့ ကွန်ဆာဗေးတစ် အတောင်ပံက ဖြစ်သလို ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ တပည့်ရင်းလည်း ဖြစ်ပါတယ်။
ဝန်ကြီးချုပ်သစ်ဟာ ဝန်ကြီးအဖွဲ့ ဖွဲ့စည်းဖို့ စတင်လုပ်ဆောင်နေပြီဖြစ်ပြီး အစိုးရအဖွဲ့ထဲမှာ အမျိုးသမီး အများအပြား ခန့်အပ်ဖို့ အရိပ်အမြွက် ပြောကြားထားပါတယ်။
တာကာအိချိဟာ အရှုပ်တော်ပုံတွေနဲ့ ပြည်တွင်းပဋိပက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့ အာဏာရပါတီ ညီညွတ်ရေး၊ နှေးကွေးနေတဲ့ နိုင်ငံစီးပွားရေးနဲ့ အမေရိကန်-ဂျပန် ဆက်ဆံရေး စိန်ခေါ်မှုတွေကို ဖြေရှင်းရမှာ ဖြစ်ပါတယ်။
Source: Reuters











