
ဘိုလီးဗီးယားနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲမှာ ဗဟိုလက်ယာယိမ်းဝါဒီ ရိုဒရီဂို ပတ်ဇ် က အနိုင်ရပြီး အာဏာရ ဆိုရှယ်လစ်လှုပ်ရှားမှုပါတီ (MAS) ရဲ့ ဆယ်စုနှစ် ၂ ခုနီးပါး အုပ်ချုပ်မှုကို အဆုံးသတ်လိုက်ပါတယ်။
အောက်တိုဘာ ၁၉ ရက် ဒုတိယအကျော့ ရွေးကောက်ပွဲအတွင်း ဆန္ဒမဲ ၉၇ ရာခိုင်နှုန်းအထိ ရေတွက်ပြီးချိန်မှာ ပတ်ဇ်ဟာ ၅၄ ဒသမ ၅ ရာခိုင်နှုန်းနဲ့ သမ္မတဟောင်း ဟော်ဟေး ကီရိုဂါ ကတော့ ၄၅ ဒသမ ၄ ရာခိုင်နှုန်း ရလဒ်ကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။
ဒါကြောင့် ခရစ်ယာန်ဒီမိုကရက်တစ်ပါတီ (PDC) ရဲ့ ကိုယ်စားလှယ်လောင်း ပတ်ဇ်ကို အနိုင်ရရှိသူအဖြစ် ရွေးကောက်ပွဲဆိုင်ရာ အမြင့်ဆုံးခုံရုံးက အတည်ပြုထားပါတယ်။
အသက် ၅၈ နှစ်အရွယ် ပတ်ဇ်ဟာ ဖခင်ဖြစ်သူ လက်ဝဲယိမ်း သမ္မတဟောင်း ဟိုင်မီ ဇာမိုရာရဲ့ ခြေရာအတိုင်း နိုင်ငံရေးလောကထဲ ဝင်ရောက်လာခဲ့သူ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာ စီးပွားရေးပညာ သင်ကြားပြီးနောက် ပတ်ဇ်က ဘိုလီးဗီးယားကို ပြန်လာခဲ့ပါတယ်။
အဲဒီနောက် တောင်ပိုင်းမြို့ တာရီဟာရဲ့ မြို့တော်ကောင်စီဝင်နဲ့ မြို့တော်ဝန်အဖြစ် တာဝန်ယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာ ဒေသဆိုင်ရာ အထက်လွှတ်တော်အမတ် ဖြစ်လာခဲ့ပါတယ်။
အဲဒီနောက် အခွန်လျှော့ချပေးတာ (Tax)၊ သွင်းကုန်ခွန် ဖြတ်တောက်ပေးတာ (Tariff) နဲ့ ဗဟိုအစိုးရရဲ့ ချုပ်ကိုင်မှု ဖြေလျှော့ပေးတာ စသဖြင့် “အရင်းရှင်စနစ်ရဲ့ အကျိုးကျေးဇူးဟာ လူတိုင်းအတွက်” (Capitalism for All) ဖြစ်စေရမယ်ဆိုပြီး ကတိပြုခဲ့ပါတယ်။
ဒါဟာ ၂၀၀၅ ခုနှစ်နောက်ပိုင်း MAS ပါတီဝင် တယောက်မှ ပါဝင်ခဲ့ခြင်းမရှိတဲ့ ပထမဆုံး ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။
MAS ပါတီ တည်ထောင်သူ အီဗို မိုရာလက်စ်ဟာ ဌာနေတိုင်းရင်းသားတွေကြားမှာ လူကြိုက်များနေဆဲ ဖြစ်ပေမဲ့ ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့် အပိတ်ခံထားရပါတယ်။
လက်ရှိသမ္မတ လူဝီးစ် အာဆေး ကတော့ ဒုတိယသက်တမ်းအတွက် ရွေးကောက်ပွဲကို ထပ်မပြိုင်ဘူးလို့ ဆုံးဖြတ်ခဲ့တာပါ။
၂၀၀၆ ကနေ ၂၀၁၉ ခုနှစ်အထိ ဘိုလီးဗီးယားကို အုပ်ချုပ်ခဲ့တဲ့ မိုရာလက်စ် လက်ထက်မှာ စီးပွားရေးအရ တိုးတက်ခဲ့တဲ့အပြင် သဘာဝပတ်ဝန်းကျင် အရေးကိစ္စအတွက်ပါ အလေးပေး ဆောင်ရွက်ခဲ့ပါတယ်။
ဒီသမ္မတဟောင်းက သဘာဝဓာတ်ငွေ့ကဏ္ဍကို မချဲ့ထွင်တော့ဖို့ ဆုံးဖြတ်ခဲ့တဲ့အလျောက် အကျိုးဆက်အဖြစ် နိုင်ငံတော်ဘဏ္ဍာငွေ လျော့ကျလာခဲ့ပါတယ်။
၂၀၁၃ ခုနှစ်မှာ စွမ်းအင်ဆိုင်ရာ ဝင်ငွေဟာ ဒေါ်လာ ၆ ဒသမ ၁ ဘီလျံအထိ ရှိခဲ့ရာကနေ ၂၀၂၄ အရောက်မှာ ၁ ဒသမ ၆ ဘီလျံကို ကျဆင်းသွားပါတယ်။
အမေရိကန်ဒေါ်လာလိုမျိုး နိုင်ငံခြားငွေတွေ အစိုးရဆီမှာ ပြတ်လပ်လာတာကြောင့် ဂျုံနဲ့ လောင်စာဆီ အပါအဝင် အခြေခံလိုအပ်တဲ့ စားသောက်ကုန်တွေ မတင်သွင်းနိုင်တော့ဘဲ ရှားပါးလာခဲ့ပါတယ်။
ဒါကြောင့် အင်ဒီးစ် ဒေသတွင်း နိုင်ငံမှာ စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး နှစ်အလိုက် ငွေကြေးဖောင်းပွမှု ၂၅ ရာခိုင်နှုန်း အပါအဝင် ဒေါ်လာနဲ့ လောင်စာဆီတွေ အကြီးအကျယ် ပြတ်လပ်နေပါတယ်။
အခုလိုမျိုး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရပေမဲ့ ပတ်ဇ် ကတော့ သမ္မတတာဝန်ကို နိုဝင်ဘာ ၈ ရက်မှာ စတင်ထမ်းဆောင်ဖို့ ရှိနေပါတယ်။
Source: Reuters










