DVB Logo
Home
ဆောင်းပါး
One Piece အလံတော်အောက်က ကမ္ဘာ့ Gen Z တော်လှန်ရေးများ
DVB
·
October 20, 2025
One Piece အလံတော်အောက်က ကမ္ဘာ့ Gen Z တော်လှန်ရေးများ
Donate to DVB

အန်းဒီးစ် တောင်တန်းကနေ ဟိမဝန္တာတောင်တန်းအထိ ကမ္ဘာတဝန်းမှာ အစိုးရတွေအပေါ် မကျေနပ်မှုတွေနဲ့ ဒေါသတွေကို အရင်းခံတဲ့ Gen Z တော်လှန်ရေးလှိုင်းကြီး အရှိန်အဟုန်နဲ့ ပေါ်ပေါက်နေပါတယ်။

မာဒါဂတ်စကာနိုင်ငံမှာတော့ Gen Z တွေနဲ့အတူ စစ်တပ်က ပူးပေါင်းလိုက်အပြီးမှာ သမ္မတ တိုင်းပြည်က ထွက်ပြေးခဲ့ရပါတယ်။ ရွေးကောက်ပွဲတွေ ၂ နှစ်အတွင်း လုပ်ပေးမယ်ပြောတဲ့ စစ်တပ်က အာဏာသိမ်းလိုက်တာတော့ ထည့်ပြောဖို့လိုပါမယ်။

အိန္ဒိယသမုဒ္ဒရာထဲမှာရှိတဲ့ အာဖရိကကျွန်းနိုင်ငံ မာဒါဂတ်စကာရဲ့ ဖြစ်စဉ်ဟာ နီပေါ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ကင်ညာ၊ ပီရူးနဲ့ မော်ရိုကိုနိုင်ငံတွေမှာ ဖြစ်ခဲ့တာတွေနဲ့ သဘောတရား တူညီပါတယ်။ 

စဖြစ်ပွားပုံချင်း ကွဲလွဲနိုင်ပေမဲ့ ကျယ်ပြန့်လာတဲ့ မညီမျှမှု၊ စီးပွားရေးမရေရာမှု၊ အကျင့်ပျက် ခြစားမှုနဲ့ ခေါင်းဆောင်တွေရဲ့ အာဏာအလွဲသုံးစားလုပ်မှုတွေလို ကာလရှည် မကျေနပ်မှုတွေကြောင့် လူထုအုံကြွမှုကြီး ဖြစ်ခဲ့ရတာပါ။

ဒီလှုပ်ရှားမှုအများစုမှာ ခေါင်းဆောင်ရယ်လို့ သတ်သတ်မှတ်မှတ် မရှိကြဘဲ လူငယ်တွေက Gen Z ခေါင်းစဉ်အောက်မှာ လှုပ်ရှားကြတာ ဖြစ်ပါတယ်။ Gen Z ဆိုတာကတော့ ၁၉၉၇ နဲ့ ၂၀၁၂ ခုနှစ်ကြားမှာ မွေးဖွားခဲ့သူတွေကို ယေဘုယျ ဆိုလိုပြီးတော့ တချို့ကျတော့ ၁၉၉၆ မွေးသူအထိ ပါဝင်တယ်လို့ ထည့်တွက်တာလည်း ရှိပါတယ်။ Gen Z ဆိုတာကို ခုနှစ်သက္ကရာဇ်တွေနဲ့ ပြောတာထက် အင်တာနက်ခေတ်မှာ အစအဆုံး လူလားမြောက်တဲ့ ပထမဆုံးမျိုးဆက်ကို ဆိုလိုတယ်လို့ ခြုံပြောလို့ရပါတယ်။

လက်ဆင့်ကမ်းနေကြတဲ့ Gen Z တော်လှန်ရေးလှိုင်း

တောင်းဆိုချက်တွေ ထပ်တူမကျပေမဲ့ ဆန္ဒပြမှုအများစုဟာ အစိုးရရဲ့ အလွန်အကျွံ လုပ်ဆောင်မှုတွေ ဒါမှမဟုတ် လျစ်လျူရှုမှုတွေကြောင့် စဖြစ်ခဲ့ရတာပါ။ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ရက်စက်တဲ့ နှိမ်နင်းမှုတွေကိုလည်း ရင်ဆိုင်ခဲ့ကြရပါတယ်။

မော်ရိုကိုမှာတော့ နိုင်ငံရဲ့ ဖုန်းခေါ်ဆိုမှုကုဒ်ကို အစွဲပြုပြီး နာမည်ပေးထားတဲ့ Gen Z 212 လို့ခေါ်တဲ့ ခေါင်းဆောင်မယ့် အဖွဲ့တဖွဲ့ဟာ ပိုမိုကောင်းမွန်တဲ့ ပြည်သူ့ဝန်ဆောင်မှုတွေနဲ့ ကျန်းမာရေး၊ ပညာရေး အသုံးစရိတ်တွေ တိုးမြှင့်ပေးဖို့ လမ်းပေါ်ထွက် တောင်းဆိုခဲ့ကြပါတယ်။ ပီရူးမှာတော့ ပင်စင်ဥပဒေနဲ့ ပတ်သက်တဲ့ ဆန္ဒပြမှုတွေကနေတဆင့် လုံခြုံမှုမရှိတာတွေနဲ့ အစိုးရတွင်း အကျင့်ပျက် ခြစားမှုတွေကို အရေးယူဖို့အထိ ကျယ်ပြန့်တဲ့ တောင်းဆိုမှုတွေ ဖြစ်လာခဲ့ပါတယ်။ အင်ဒိုနီးရှားမှာတော့ လွှတ်တော်အမတ်တွေရဲ့ အခွင့်အရေးတွေနဲ့ နေထိုင်မှုစရိတ် မြင့်တက်တာတွေကြောင့် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီးတော့ အင်ဒိုသမ္မတက အဓိကကျတဲ့ စီးပွားရေးနဲ့ လုံခြုံရေးဝန်ကြီးတွေကို အစားထိုး ခန့်အပ်ခဲ့ရပါတယ်။

“Gen Z” ဆန္ဒပြမှုတွေထဲမှာ အထင်ရှားဆုံးကတော့ နီပေါဆန္ဒပြပွဲဖြစ်ပြီး အစိုးရ ပြုတ်ကျသွားခဲ့ပါတယ်။ နီပေါလူငယ်တွေဟာ ၂၀၂၂ မှာ သီရိလင်္ကာနဲ့ ၂၀၂၄ မှာ ဘင်္ဂလားဒေ့ရှ် တို့လို တောင်အာရှ အိမ်နီးချင်းနိုင်ငံတွေက အစိုးရဖြုတ်ချနိုင်တဲ့ လူထုလှုပ်ရှားမှုတွေကနေ အတုယူနိုင်ခဲ့တာပါ။ ဒီလိုပဲ မာဒါဂတ်စကာက ဆန္ဒပြသူတွေကလည်း နီပေါနဲ့ သီရိလင်္ကာကို ပြန်အတုယူခဲ့ပြီးတော့ တော်လှန်ရေးကို လက်ဆင့်ကမ်းနေကြတာ ဖြစ်ပါတယ်။

One Piece အလံတော်အောက်မှာ စုစည်းညီညွတ်ကြ

နိုင်ငံအများအပြားမှာ ထူးခြားတဲ့ Pop culture သင်္ကေတတခု ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒါကတော့ ကောက်ရိုးဦးထုပ် ဆောင်းထားတဲ့ ပြုံးနေတဲ့ ဦးခေါင်းခွံနဲ့ အရိုးနှစ်ခု ကြက်ခြေခတ်ထားတဲ့ အနက်ရောင်အလံပဲ ဖြစ်ပါတယ်။ ဒီအလံဟာ နာမည်ကြီး ဂျပန်မန်ဂနဲ့ အန်နီမေးရှင်းစီးရီးဖြစ်တဲ့ “One Piece” က လာတာဖြစ်ပြီး အကျင့်ပျက် ကမ္ဘာ့အစိုးရကို တိုက်ခိုက်တဲ့ ပင်လယ်ဓားပြအဖွဲ့အကြောင်း ဖြစ်ပါတယ်။

One Piece အလံဟာ လွတ်လပ်မှု၊ အာခံမှုနဲ့ ဖိနှိပ်မှုကို တိုက်ဖျက်ခြင်းရဲ့ သင်္ကေတတခု ဖြစ်လာပါတယ်။ ဆန္ဒပြသူတွေက ဒီအလံကို တဦးချင်းရဲ့ ရွေးချယ်ခွင့်၊ သစ္စာစောင့်သိမှု၊ ပြီးတော့ ဩဇာအာဏာကြီးမားပြီး တရားမမျှတတဲ့စနစ်တွေကို ဆန့်ကျင်တော်လှန်ခြင်း ဆိုတဲ့ အကြောင်းအရာတွေအောက်မှာ စုစည်းညီညွတ်ကြဖို့ အသုံးပြုကြပါတယ်။

နီပေါမှာတော့ ဆန္ဒပြသူတွေဟာ အစိုးရရုံးစိုက်ရာ ဆင်းဟာဒါးဘားနန်းတော်ရဲ့ ဂိတ်တံခါးတွေနဲ့ ဝန်ကြီးဌာနတွေမှာ ဒီအလံကို ချိတ်ဆွဲခဲ့ကြပါတယ်။ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မော်ရိုကိုနဲ့ မာဒါဂတ်စကာက လူအုပ်ကြီးတွေကလည်း ဒီအလံကို လွှင့်ထူခဲ့ကြပါတယ်။

ပြီးခဲ့တဲ့အပတ်က ပီရူးနိုင်ငံရဲ့ မြို့တော် လီမာက ဆန်မာတင်ရင်ပြင်မှာလည်း ဒီအလံကို  မြင်ခဲ့ကြရပါတယ်။ ဒီဆန္ဒပြပွဲတွေနဲ့အတူ ပီရူးမှာ လာဘ်ပေးလာဘ်ယူမှု အရှုပ်တော်ပုံတွေကြောင့် လူထုထောက်ခံမှု အနည်းဆုံးဖြစ်နေတဲ့ သမ္မတ ဘိုလူအာတေးကို လွှတ်တော်က တဆင့်  ဖြုတ်ချနိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာလက်နက်ကိုင်စွဲ ဆင်နွှဲတဲ့တိုက်ပွဲ

အတိတ်က ထင်ရှားတဲ့ ဆန္ဒပြမှုတွေဖြစ်တဲ့ ၂၀၁၁ ခုနှစ်က Occupy Wall Street၊ ၂၀၁၀ နဲ့ ၂၀၁၂ ကြားက အာရပ်နွေဦးတော်လှန်ရေးနဲ့ ၂၀၁၄ ခုနှစ်က ဟောင်ကောင်က ထီးတော်လှန်ရေးလို ဆန္ဒပြမှုတွေကိုလည်း လူငယ်တွေကပဲ ဦးဆောင်ခဲ့ကြတာပါ။ အဲဒီအချိန်တွေတုန်းကလည်း လူထုစည်းရုံးရေးအတွက် အင်တာနက်နဲ့ ဆိုရှယ်မီဒီယာကို သုံးခဲ့ကြပေမဲ့ “Gen Z” မျိုးဆက် အလှည့်မှာတော့ ပိုအဆင့်မြင့်လာခဲ့ပြီ ဖြစ်ပါတယ်။

ဥပမာပြရရင် နီပေါမှာ ဆန္ဒပြမှုတွေ မစတင်ခင် ရက်ပိုင်းအလိုမှာ အစိုးရက ဆိုရှယ်မီဒီယာပလက်ဖောင်း အများစုကို ပိတ်ပင်တားမြစ်ကြောင်း ကြေညာခဲ့ပါတယ်။ နီပေါလူငယ် အများအပြားက ဒါဟာ သူတို့ကို နှုတ်ပိတ်ဖို့ ကြိုးပမ်းမှုအဖြစ် ရှုမြင်ပြီး အဖမ်းမခံရအောင် virtual private network (VPN) တွေကနေတဆင့် ဆိုရှယ်မီဒီယာတွေ အသုံးပြုခဲ့ကြပါတယ်။

အဲဒီနောက်ပိုင်းရက်တွေမှာ သူတို့ဟာ TikTok, Instagram နဲ့ X တို့ကိုသုံးပြီး လူကြီးသားသမီး အခွင့်ထူးခံတွေအကြောင်းကို ဖော်ထုတ်ခဲ့ကြပါတယ်။ နီပေါမှာ ဆင်းရဲချမ်းသာ ဘယ်လောက်ကွာနေသလဲ ဆိုတာ မီးမောင်းထိုးပြခဲ့ပါတယ်။ ချီတက်ပွဲတွေလုပ်ဖို့ ချိန်းဆို စုဝေးခဲ့ကြပါတယ်။ တိုင်းပြည် ယာယီခေါင်းဆောင် ဘယ်သူ့တင်မလဲ ဆိုတာကိုတောင် Gaming chat platform ဖြစ်တဲ့ Discord သုံးပြီးတော့ ရွေးချယ် အဆိုပြုခဲ့ကြတာ ဖြစ်ပါတယ်။

အကျင့်ပျက် ခြစားမှုတွေ၊ မတရားမှုတွေဟာ လူမှုကွန်ရက်ကနေ တဆင့် ပျံ့နှံ့သွားပြီဆိုရင် ဖုံးဖိလို့ မရနိုင်တော့ပါဘူး။ အားလုံးဟာ ကမ္ဘာ့နိုင်ငံသားတွေ ဖြစ်လာကြတယ်၊ ဒစ်ဂျစ်တယ်ကမ္ဘာမှာ အားလုံးချိတ်ဆက်နေတယ် ဆိုတာ Gen Z တွေက ကောင်းကောင်း နားလည်ထားကြပြီ ဖြစ်ပါတယ်။

One Piece အလံတော် လွှင့်ပြီးတော့ လူမှုကွန်ရက်ကို လက်နက်သဖွယ် အသုံးချနိုင်စွမ်းရှိတဲ့ Gen Z မျိုးဆက်တွေရဲ့ တော်လှန်ရေးဟာ ကမ္ဘာတလွှားမှာ၊ အထူးသဖြင့် အဂတိထူပြောတဲ့၊ အာဏာရှင်ဆန်စွာ အုပ်ချုပ်တဲ့ နိုင်ငံတွေမှာ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေပါတယ်။ ဒီတော်လှန်ရေးရဲ့ ရလဒ်ကောင်းတွေကို မြင်လာရသလို နိုင်ငံရေးသမားတွေနဲ့ စစ်ဗိုလ်ချုပ်တွေက လူငယ်တွေရဲ့ ရဲရင့်မှုနဲ့ ပေးဆပ်မှုတွေကို အလွဲသုံးစားလုပ် အမြတ်ထုတ်လာမှာကိုတော့ စိုးရိမ်နေရဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013