
ရာမမင်း မွေးဖွားရာ အရပ်လို့ ဟိန္ဒူဘာသာဝင်တွေ ယုံကြည်ကြတဲ့ အိန္ဒိယနိုင်ငံ အယုဒ္ဓယမြို့က ဘုရားကျောင်းတခုမှာ ဒီပဝါလီပွဲတော်အကြိုအဖြစ် အောက်တိုဘာ ၁၉ ရက်က ဆီမီးခွက် ၂ ဒသမ ၆ သန်း ထွန်းညှိပြီး ကမ္ဘာ့စံချိန်တင်ဖို့ ကြိုးစားခဲ့ကြပါတယ်။
“ကမ္ဘာ့အကြီးဆုံးဆီမီးခွက်ထွန်းညှိမှု” အဖြစ် ကမ္ဘာ့စံချိန်တင်ဖို့အတွက် သောင်းနဲ့ချီတဲ့ လူအုပ်ကြီးဟာ ဆာရာယုမြစ်ကမ်းတလျှောက် စုပေါင်းထွန်းညှိခဲ့ကြပါတယ်။
ဒီပွဲကို ပြည်နယ်ဝန်ကြီးချုပ် ယောဂီ အဒိတျာနာ့သ် ဦးစီးခဲ့တာ ဖြစ်ပါတယ်။ ဒသဂီရိလို့ သိကြတဲ့ ရာဝဏဘုရင်ကို ရာမမင်းသားက အနိုင်ရပြီး သီတာဒေဝီ၊ လက္ခဏာမင်းသား တို့နဲ့အတူ အယုဒ္ဓယပြည်ကို ပြန်လာတဲ့ အထိမ်းအမှတ်အနေနဲ့ ဒီပဝါလီပွဲတော်ကို အိန္ဒိယနိုင်ငံတဝန်းမှာ ဆင်နွှဲကြတာ ဖြစ်ပါတယ်။
လက်ချ်မီးမယ်တော်၊ မဟာပိန္နဲလို့ မြန်မာမှာသိကြတဲ့ ဂနေ့ရှ်နတ်မင်းတွေနဲ့လည်း ဆက်စပ်မှုရှိပြီးတော့ တခြား ဟိန္ဒူနတ်မင်းတွေ၊ ရိုးရာဓလေ့တွေနဲ့လည်း ဒေသအလိုက် ပတ်သက်မှုတွေရှိတဲ့ ပွဲတော်ကြီး ဖြစ်ပါတယ်။
Source: Reuters











