
စဉ့်ကူးနယ်မှာ Star Link ကိစ္စ အချင်းများပြီးနောက် ပြည်သူနဲ့ စိတ်ကျေနပ်မှုရှိအောင် PDF တွေဘက်က ပြင်သင့်တာတွေ ပြင်နေပြီလို့ စဉ့်ကူးပကဖ တာဝန်ရှိသူက ပြောပါတယ်။
အောက်တိုဘာ ၁၁ ရက်က မန္တလေးဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့နဲ့ ပြည်သူတွေ အချင်းများတဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တာပါ။
စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့က သတ်မှတ်ထားတဲ့ Star Link အင်တာနက် အသုံးပြုရာမှာ လိုက်နာရမယ့် သတိပေးချက်တွေကို ချိုးဖောက်တဲ့အတွက် စက်ပိုင်ရှင်ကို အရေးယူဖို့ ကြိုးစားရင်း အချင်းများခဲ့ကြတာပါ။
အောက်တိုဘာ ၁၂ ရက်မှာတော့ ပြည်သူနဲ့ အချင်းများတဲ့ ရဲဘော်တွေကို ပြည်သူနဲ့ ဆက်ဆံရာမှာ ထားရမဲ့ ကျင့်ဝတ်၊ စည်းကမ်း မလိုက်နာတဲ့အတွက် ပြဋ္ဌာန်းချက်တွေနဲ့အညီ အရေးယူမှာဖြစ်သလို သတိပေးချက် ချိုးဖောက်တဲ့ စက်ပိုင်ရှင်ကိုလည်း သတ်မှတ်ထားတဲ့အတိုင်း အရေးယူမယ်လို့ စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့က ကြေညာချက် ထုတ်ခဲ့ပါတယ်။
ပြည်သူနဲ့ အဆင်မပြေဖြစ်တာဟာ ကောင်းမွန်တဲ့ကိစ္စ မဟုတ်တဲ့အတွက် ကာကွယ်ရေးအဖွဲ့တွေဘက်က ပြင်ဆင်ဖို့ လိုအပ်တာတွေကို ကြိုးစားပြင်ဆင်နေပြီလို့ စဉ့်ကူး ပကဖ တာဝန်ရှိသူတယောက်က ပြောပါတယ်။
“ကျနော်တို့မြို့နယ်က ပကဖ၊ ပအဖ၊ ပလဖ တပ်ရင်းတပ်ဖွဲ့ အများဆုံးမြို့နယ်လို့ ပြောလို့ရတာပေါ့နော်။ အုပ်ချုပ်မှုအပိုင်းကိုကျတော့ အရေးပေါ်အုပ်ချုပ်ရေးဆိုပြီးတော့ အဖွဲ့အစည်းတွေ အားလုံးပေါင်းပြီးတော့ စုပေါင်းပြီးအုပ်ချုပ်တဲ့ သဘောမှာတော့ရှိတယ်။ အဲဒီအထဲမှာလည်း သုံး-သုံးလီ-ကိုးတွေ အုပ်ချုပ်တာလည်း ပါချင်ပါမှာပေါ့ဗျာ။ ပထမ ဘုန်းကြီး တချက်ခေါက်တယ်၊ နောက် ဘုန်းကြီး နှစ်ချက်ခေါက်ဆိုတော့ ပြည်သူတွေကလည်း နာတာတွေ များလာတော့၊ ဒဏ်ရာတွေများတော့ ပေါက်ကွဲထွက်လာတာရှိမှာပေါ့။ တချို့ပြည်သူတွေကလည်း အဲဒီလို အော်နေတာတွေရှိပါတယ်။ ကျနော်တို့လည်း အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။ ပြည်သူတွေအပေါ်မှာ ဆက်ဆံတာတွေလည်း တချို့က မောက်မာကြတယ် ဟုတ်တယ်။ လက်နက်လေးကိုင်၊ ယူနီဖောင်းလေးဝတ် ဒါမျိုးလေးလုပ်တဲ့သူတွေလည်း ရှိပါတယ်။ ဒါတွေလည်း ကျနော်တို့ ပြင်သင့်သလောက် ပြင်နေကြပါပြီ။ ကျနော်တို့နယ်မှာဆို Star Link ကိစ္စဆို တော်တော်ကြီးကို ဟော့ဟော့ရမ်းရမ်း ဖြစ်သွားတဲ့အပိုင်းတွေရှိတာပေါ့နော်။ ဒါကတော့ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် ကျနော်ဆိုလိုတာတော့ မဟုတ်ပါဘူး၊ စိတ်မကောင်းစရာပေါ့။ ဒါတွေလည်း အားလုံးဝိုင်းဝန်းပြုပြင်ရင်တော့ အဆင်ပြေသွားမှာပါ။ တော်လှန်ရေးအဖွဲ့အချင်းချင်း အမြင်လွဲတာလေးတွေ၊ အလွဲအမှားလေးတွေ အပွတ်အတိုက်လေးတွေတော့ ရှိတဲ့ အနေအထားမှာတော့ရှိတယ်။ တော်လှန်ရေးရဲဘော်တွေရဲ့ အပြောအဆို လွဲတာလေးတွေ၊ အနေအထိုင် မတတ်တာလေးတွေ၊ ပြည်သူ့အပေါ် တချို့တော်လှန်ရေးသမားတွေက ဆက်ဆံတာလေးတွေပေါ့ဗျာ၊ အဲ့ဒါလေးတွေက မာတာလေးတွေလည်းရှိတယ်၊ ဟုတ်တယ်။”
မတ္တရာနယ်နဲ့ သပိတ်ကျင်းနယ်ဘက်ကနေ စဉ့်ကူးနယ်ဘက် ဦးတည်ပြီး စစ်ကောင်စီက စစ်ကြောင်းတွေ ခွဲထိုးပြီး နယ်မြေထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။
သပိတ်ကျင်းနယ်တောင်ပိုင်း၊ ၇ မိုင်၊ လေ့ကျင့်ရေး ၁၃ တပ်ကနေ ထွက်လာတဲ့ စစ်ကြောင်းဟာ စဉ့်ကူးနယ်အနီး ပခုက္ကူ-မန္တလေးကားလမ်း၊ ဖော့တောလမ်းဆုံစခန်းကို ဖိအားပေး တိုက်ခိုက်တာကြောင့် အခုလထဲမှာ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြန်လည် လက်လွှတ်ထားရပါတယ်။
စဉ့်ကူးနယ်ထဲအထိ စစ်ကောင်စီက မဝင်နိုင်သေးပေမဲ့ ဖိအားတွေကို ဒေသကာကွယ်ရေး အဖွဲ့တွေက ဆက်တိုက်ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
ဒီအခြေအနေတွေမှာ သတင်းအချက်အလက်တွေ မပေါက်ကြားအောင် ဒေသတွင်း အင်တာနက် အသုံးပြုမှုကို ကာကွယ်ရေးအဖွဲ့တွေက ထိန်းနိုင်ဖို့ ကြိုးစားနေကြတာပါ။
စစ်ကောင်စီက PDF စိုးမိုးဒေသတွေကို ဖိအားပေး တိုက်ခိုက်ရာမှာ စခန်းတွေ ပြန်ရရေးနဲ့ နယ်မြေထိန်းချုပ်ရေးတို့အပြင် ရွေးကောက်ပွဲမတိုင်ခင် ဒေသတွင်း ပြည်သူတွေ မြို့ပေါ်တက်လာဖို့ ဖိအားပေးနေတာလို့ မတ္တရာ PDF ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဦးတိုးက မှတ်ချက်ပေးပါတယ်။
“အခုလှုပ်ရှားမှုက ဒီကောင်တွေ ဗျူဟာပြောင်းတယ်နော်၊ ဒီကောင်တွေ အပျောက်လှုပ်ရှားတယ်။ တလှမ်းချင်း တလှမ်းချင်း ဒီကောင်တွေ ရှေ့ထောက်ထောက်ပြီးတော့ တအိအိနဲ့တိုးနေတာ။ မန္တလေးမြို့ပေါ်မှာတော့ ဒီနေ့မနက် ပြည်ကြီတံခွန်က ဖုန်းလှမ်းဆက်လာတယ်။ သူတို့ရပ်ကွက်ထဲမှာ မဲစာရင်းတွေ လိုက်အော်နေလို့ မဲစာရင်းတွေ ကပ်ထားတယ်ပေါ့၊ မဲစာရင်းထဲ ပါမပါ လာကြည့်ကြဖို့ ဘာညာ လိုက်အော်နေတာတဲ့ လော်စပီကာနဲ့။ ပြည်သူလူထုအသံကတော့ အကျပ်ကိုင်ခံရရင် ပေးရမယ့်သဘောရှိတယ်။ ကြားနေရတာကတော့ မန္တလေးမြို့ပေါ်ကို စစ်ရှောင်ရောက်ရှိနေတဲ့ သူတွေကို ဆွဲဆောင်စည်းရုံးတာက တပိုင်း၊ ဧည့်စာရင်းနဲ့ အကျပ်ကိုင်တာတပိုင်း အဲဒီလိုမျိုးတော့ အသံထွက်နေပြီ။ ဒါပေမဲ့ သိပ်ပြီးတော့ ကျယ်ကျယ်မပြောရဲကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်ရှောင်သွားတဲ့သူတွေက ဟိုဘက်ကိုဝင်လိုက်လို့ရှိရင် လက်နက်ကြီးဒဏ် ဗုံးဒဏ်က လွတ်တယ်ဆိုပြီး သွားကြတာလေ။ အဲဒီမှာ ဧည့်စာရင်းတွေနဲ့ တန်းတိုးနေပြီ။ နောက်ထပ် နည်းလမ်းတခုကတော့ UEC က ကြေညာတာတခုရှိတယ်။ မိမိရောက်ရှိနေတဲ့ နေရာကနေပြီးတော့ မိမိဒေသအတွက် ကြိုတင်မဲပေးလို့ရပါတယ် ဘာညာပေါ့၊ ကြေညာချက်ထုတ်နေတာပဲ။”
စစ်ကောင်စီက မတ္တရာ၊ သပိတ်ကျင်း၊ စဉ့်ကူးနယ်တွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ဒေသတွင်းမှာ PDF ပူးပေါင်းတပ်တွေ ဖြန့်ထားပြီး အရေးကြီးတဲ့ဘက်တွေကို ကာစစ်နဲ့ တန်ပြန်ထိုးစစ်တွေ ပြန်ဆင်နေကြတာပါ။
စဉ့်ကူးနယ်ကတော့ မြောက်ပိုင်းမဟာမိတ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးလှိုင်းတွေ အလွန်မှာ မန္တလေး PDF နဲ့ တော်လှန်ရေးအင်အားစုတွေက မြို့နယ်လုံးကျွတ် စိုးမိုးနိုင်ခဲ့တဲ့ဒေသ ဖြစ်ပါတယ်။
သုတချမ်းသာ










