
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမှာ စစ်တပ်နဲ့ PNO ပူးပေါင်းတပ်တွေ စစ်ရေးလှုပ်ရှားမှု ဆက်တိုက်လုပ်နေတဲ့အတွက် အချိန်မရွေး တိုက်ပွဲကြီးငယ်တွေ ဆက်ဖြစ်လာနိုင်တယ်လို့ မိုးဗြဲ-PDF က ဒီနေ့ မေ ၂၁ ရက်မှာ သတိပေး ထုတ်ပြန်ပါတယ်။
MB-PDF ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်နဲ့ PNO တပ်တွေဟာ မိုးဗြဲဒေသကို နယ်မြေစိုးမိုးနိုင်ဖို့ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေပြီး ဒေသခံကာကွယ်ရေးတပ်တွေနဲ့ မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က အထိနာတာတွေ ရှိနေတဲ့အတွက် လက်နက်ကြီး၊ လက်နက်ငယ်တွေအပြင် ဒရုန်းတွေသုံးပြီး ရမ်းသန်းပစ်ခတ်နေသလို စစ်ဘေးရှောင်စခန်းတွေကိုပါ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ MB-PDF က ဆိုထားပါတယ်။
ဒါ့အပြင် စစ်တပ်နဲ့ PNO တပ်တွေ နေရာယူထားတဲ့ ကျေးရွာနဲ့ ရပ်ကွက်တချို့မှာ ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူတာ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာနဲ့ ဘာသာရေး၊ လူထုအသုံးပြု အဆောက်အအုံတွေ ဖျက်ဆီးတာတွေ ရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။
တော်လှန်ရေးနဲ့ နီးစပ်သူတယောက်က “မြို့ပေါ်မှာ ပြန်နေတဲ့သူ နည်းနည်းပဲ ရှိသေးတယ်။ ခုတိုက်ပွဲပြန်ဖြစ်တော့ ပြန်ထွက်မရဘဲ ဖြစ်နေတယ်။ နောက်ပြီး ပြည်သူတွေ ခုချိန် တောင်ယာလုပ်တဲ့အချိန်ဖြစ်လို့ တောင်ယာ လယ်ကွင်းဘက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းနဲ့ တိုက်ခိုက်တာရှိတယ်။ အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်” လို့ ပြောပါတယ်။
MB-PDF က ဒေသခံပြည်သူတွေအနေနဲ့ စစ်ရေးသတင်းတွေကို ဂရုစိုက် စောင့်ကြည့်ပြီး လုံခြုံရေး သတိထားကြဖို့ အသိပေးထားသလို ရှေ့တန်းရဲဘော်တွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ စစ်ရေးအထောက်အပံ့တွေ အရေးပေါ် လိုအပ်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။











