
တောင်ကိုရီးယားမှာ ရွှေရဲ့ စွမ်းဆောင်ရည်ထက် အဆပေါင်းများစွာ သာလွန်တဲ့ ငွေသတ္ထုအတွက် စံချိန်တင် ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်နေပြီး ငွေသတ္တု ဝယ်လိုအား မြင့်တက်လာပါတယ်။
Korea Gold Exchange က အချက်အလက်တွေအရ အောက်တိုဘာ ၁၇ ရက်မှာ ငွေသတ္တုဟာ တစ်ဂရမ်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဒေါ်လာလောက်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး အခုနှစ်အစပိုင်းကထက် ၇၀ ရာခိုင်နှုန်းနီးပါး စျေးတက်လာခဲ့ပါတယ်။
နိုင်ငံရဲ့ အကြီးဆုံး အဖိုးတန်သတ္တုရောင်းဝယ်ရေး အချက်အချာနေရာ ဖြစ်တဲ့ ဆိုးလ်မြို့တော် ဂျုံနို ခရိုင်မှာ စီးပွားရေးလုပ်ငန်းတွေ အရှိန်အဟုန် မြှင့်တင်နေတာပါ။
ကြားရက် နေ့လယ်ခင်းတွေမှာတောင် ဆိုင်တွေမှာ ဖောက်သည်တွေ စုံစမ်းမေးမြန်းပြီး အော်ဒါတင်တာတွေနဲ့ စည်ကားနေပါတယ်။
ရင်းနှီးမြှုပ်နှံသူ အများအပြားဟာ မြင့်မားတဲ့ ကြိုတင်ရင်းနှီးမြုပ်နှံမှုလိုအပ်တဲ့ ရွှေကနေ ငွေတုံးတွေနဲ့ အထိမ်းအမှတ် ငွေပန်းကန်ပြားတို့လို ဈေးသက်သာတဲ့ ငွေထည်ပစ္စည်းတွေဆီ ပြောင်းပြီး အာရုံစိုက်ခဲ့ကြတယ်လို့ ဆိုင်မန်နေဂျာတယောက်က ပြောပါတယ်။
အောက်တိုဘာကစပြီး ဆိုင်ဟာ ငွေတုံး စုစုပေါင်း ၂ တန်စာ အမှာစာတွေ လက်ခံရရှိပြီး မနှစ်က အလားတူ ကာလထက် ၁၀ ဆ ပိုများခဲ့ပါတယ်။
ဖောက်သည်တယောက်က “ငွေစက္ကူကို ကိုင်ထားတာထက် အဖိုးတန်သတ္တုတွေဝယ်တာက တန်ဖိုးကို ထိန်းသိမ်းဖို့ ပိုကောင်းတဲ့နည်းလမ်းလို့ ကျနော် ထင်တယ်။ ကျနော့်ပတ်ဝန်းကျင်က လူတော်တော်များများက ငွေသတ္တုနဲ့ လုပ်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဝယ်ကြတယ်၊ အဲဒါက ရွှေထက် ပိုလွယ်တယ်” လို့ ပြောပါတယ်။
ဝယ်လိုအား မြင့်တက်လာတာဟာ ရောင်းလိုအားကို တင်းမာစေပါတယ်။ တောင်ကိုရီးယား ဘဏ်ကြီးတွေမှာ အခုနှစ် ငွေတုံးရောင်းရငွေ ဝမ် ၁၀ ဒသမ ၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈ သန်းလောက်) ရှိပြီး မနှစ်ကထက် ၁၃ ဆ ပိုများခဲ့ပါတယ်။
ကုန်လက်ကျန် နည်းနေလို့ စီးပွားရေးဘဏ်တွေနဲ့ အဖိုးတန် သတ္တုပလက်ဖောင်း အများအပြားဟာ တနင်္လာနေ့ကစပြီး စတင်ကာ ငွေတုံး အရောင်းရပ်ဆိုင်းတော့မယ်လို့ ကြေညာခဲ့ပါတယ်။
Source: Reuters










