DVB Logo
Home
မြန်မာသတင်း
မြင်းခြံခရိုင်ပကဖ အချုပ်ခန်းမှ အချုပ်သား ၃၀ လက်နက်များယူပြီး ထွက်ပြေး၊ ၈ ဦး ပြန်ဖမ်းမိ
DVB
·
October 19, 2025
မြင်းခြံခရိုင်ပကဖ အချုပ်ခန်းမှ အချုပ်သား ၃၀ လက်နက်များယူပြီး ထွက်ပြေး၊ ၈ ဦး ပြန်ဖမ်းမိ
Donate to DVB

မန္တလေးတိုင်း၊ မြင်းခြံခရိုင်ပကဖအချုပ်ခန်းကနေ အချုပ်သား အယောက် ၃၀ ဟာ အောက်တိုဘာ ၁၆ ရက်နေ့က လက်နက်တွေ ယူဆောင်ထွက်ပြေးသွားကြပြီး ၈ ယောက်ကိုတော့ ပြန်ဖမ်းမိထားပေမဲ့ စစ်သုံ့ပန်း အချုပ်သားတွေက လွတ်မြောက်နေသေးတယ်လို့ မြင်းခြံအခြေစိုက် တော်လှန်ရေး တပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “မြင်းခြံခရိုင်ပကဖအချုပ်ခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အမျိုးသမီး၊ အမျိုးသားအချုပ်သား​ ၃၀ က တပ်ဖွဲ့ပိုင်လက်နက်တွေ ယူပြီး ထွက်ပြေးသွားခဲ့ကြတာပါ” လို့ ပြောပါတယ်။

ပကဖ အချုပ်ခန်းကနေ လက်နက်တွေနဲ့အတူ ထွက်ပြေးသွားကြသူတွေဟာ တိုက်ပွဲတွေအတွင်းကနေ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေနဲ့ ပြစ်မှုကြောင့် ဖမ်းဆီးချုပ်နှောင်ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

ထွက်ပြေးသွားတဲ့ အယောက် ၃၀ ထဲမှာက စစ်သုံ့ပန်း အယောက် ၂၀ နဲ့ ပြစ်မှုကြောင့် ဖမ်းဆီးချုပ်နှောင်ထားတဲ့ တော်လှန်ရေးရဲဘော် ၁၀ ယောက်ပါတယ်လို့ မြင်းခြံအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ခံတယောက်က ပြောပါတယ်။

“သူတို့တွေက အချုပ်ခန်းစောင့်ရဲဘော်တွေကို ထိုးကြိတ်ပြီးတော့ အဲဒီစခန်းပိုင် လက်နက်တွေကို ကိုယ်စီယူပြီး ထွက်ပြေးသွားကြတာပါ။ အဲဒီထဲက တော်လှန်ရေးတပ်ဖွဲ့ဝင် အမျိုးသား ၇ ယောက်နဲ့ အမျိုးသမီး ၁ ယောက်၊ ပေါင်း ၈ ယောက်ကိုတော့ လက်နက်တွေနဲ့အတူ နောက်ရက်မှာပဲ မြင်းခြံခရိုင်ထဲမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တခုက ဖမ်းဆီးပြီး သက်ဆိုင်တဲ့အဖွဲ့ဆီကို ပြန်လည်​လွှဲပြောင်းပေးခဲ့တယ်လို့ပဲ နောက်ဆုံး သိထားရတယ်ဗျ။ ထွက်ပြေးတဲ့သူတွေကို ပိတ်ဆို့ဖမ်းဆီးတဲ့အခါမှာ ခံပြီးပြန်ပစ်တဲ့ ရဲအချုပ်သား ၁ ယောက်ကတော့ သေတယ်တဲ့။ မြင်းခြံခရိုင်ထဲမှာ စစ်တပ်စစ်ကြောင်းကလည်း ဝင်နေတော့ ခရိုင်ပကဖရဲဘော်အများစုက ရှေ့တန်းသွားနေရတဲ့အချိန် နောက်တန်းမှာ ရဲဘော်အင်အားနည်းနေတာကို အခွင့်ကောင်းယူပြီးတော့ အချုပ်ထောင်စောင့်ရဲဘော်တွေကို ရန်မူပြီး အခုလို ထွက်ပြေးသွားကြတာပါ” လို့ DVB ကို ပြောပါတယ်။

​ပြန်လည်ဖမ်းဆီးရမိတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့အတူ AK သေနတ် ၁ လက်၊ ကာဘိုင်သေနတ် ၁ လက်၊ ပစ္စတို ၁ လက်တို့ သိမ်းဆည်းရရှိခဲ့ပေမယ့် ကျန်တဲ့အယောက် ၂၀ ကျော်ကတော့ မြင်းခြံအခြေစိုက် စစ်ကောင်စီတပ်လက်အောက်ခံ ခမရ ၁၅ အတွင်း ဝင်ရောက် ပူးပေါင်းသွားကြတယ်လို့ သတင်းရထားကြောင်းလည်း သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းကနေ အောက်တိုဘာ ၁၈ ​ရက်နေ့အထိ မြင်းခြံခရိုင်ထဲမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်နေလို့ တိုက်ပွဲဖြစ်နေတဲ့နေရာတွေ ရှိသလို စစ်ရေးအခြေအနေ တင်းမာနေတဲ့နေရာတွေလည်း ရှိနေတယ်လို့ မြင်းခြံအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013