DVB Logo
Home
နိုင်ငံတကာ
အွန်လိုင်းလိမ်လည်မှုစွပ်စွဲချက်ဖြင့် ဖမ်းခံထားရသည့် တောင်ကိုရီးယားနိုင်ငံသားများ ပြန်ရောက်
DVB
·
October 18, 2025
အွန်လိုင်းလိမ်လည်မှုစွပ်စွဲချက်ဖြင့် ဖမ်းခံထားရသည့် တောင်ကိုရီးယားနိုင်ငံသားများ ပြန်ရောက်
Donate to DVB

ကမ္ဘောဒီးယားနိုင်ငံမှာ အွန်လိုင်းလိမ်လည်မှုစွပ်စွဲချက်တွေနဲ့ ဖမ်းဆီးထားတဲ့ တောင်ကိုရီးယား နိုင်ငံသား ၆၄ ယောက် အောက်တိုဘာ ၁၈ ရက်မှာ မိခင်နိုင်ငံကို ပြန်ရောက်ရှိလာခဲ့ပြီး အများစုဟာ စုံစမ်းစစ်ဆေးမှုတွေနဲ့ ရင်ဆိုင်ရဖို့မျှော်လင့်ထားတယ်လို့ တောင်ကိုရီးယားအာဏာပိုင်တွေက ပြောပါတယ်။ 

အကျဉ်းသားတွေဟာ စင်းလုံးငှားလေယာဉ်နဲ့ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာခဲ့ပြီး သူတို့ကို နိုင်ငံတဝန်းက ရဲစခန်းအသီးသီးကိုခေါ်ဆောင်ဖို့ သယ်ယူပို့ဆောင်ရေးယာဉ်  ၂၃ စီး အသင့်စောင့်နေခဲ့ပါတယ်။

“ကမ္ဘောဒီးယားရဲတပ်ဖွဲ့က တောင်ကိုရီးယားနိုင်ငံသားတွေကို ဖမ်းဆီးခဲ့ပြီးတော့ ကျနော်တို့ကို အသိပေးအကြောင်းကြားလာတဲ့အခါ ကျနော်တို့ရဲ့ ကိုယ်ပိုင်ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့ အညီ သူတို့ကို နေရပ်ပြန်ပို့ဖို့ဆောင်ရွက်သွားမှာဖြစ်ပြီး ဒါမှ သူတို့ဟာ တောင်ကိုရီးယားဥပဒေအောက်မှာ တရားရင်ဆိုင်နိုင်မှာဖြစ်တယ်”လို့ အမျိုးသားစုံစမ်းစစ်ဆေးရေးရုံးအကြီးအကဲ ဗိုလ်ချုပ်ကြီး ဘတ်ဆုန်းဂျူးက လေဆိပ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

“သူတို့တွေ ဝင်လာလာချင်းမှာ အရှေ့ကသေတ္တာပုံးတွေကို သတိထားမိမယ်ထင်ပါတယ်။ အဲဒီသေတ္တာပုံးတွေထဲမှာ မိုဘိုင်းလ်ဖုန်းတွေအပါအဝင် ကမ္ဘောဒီးယားအာဏာပိုင်တွေဆီက ကျနော်တို့ရရှိထားတဲ့ အထောက်အထားတွေ ပါ ပါတယ်။ ကမ္ဘောဒီးယားနဲ့ ဒီလို သက်သေ အထောက်အထားတွေကို မြန်မြန်ဆန်ဆန် ချောချောမွေ့မွေ့ ဖလှယ်နိုင်ခြင်းဟာ ကျနော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုရဲ့ ကနဦးအဆင့်ကို ထိထိရောက်ရောက်ဆက်လုပ်သွားနိုင်ဖို့အတွက် အထောက်အကူဖြစ်စေဖို့ မျှော်လင့်ပါတယ်” လို့လည်း ဆိုပါတယ်။ 

အာဏာပိုင်တွေဟာ ပြည်တွင်းစုံစမ်းစစ်ဆေးမှုတွေမှတဆင့် ဖုန်းခေါ်ဆိုလိမ်လည်မှုလုပ်ငန်းတွေရဲ့ နောက်ကွယ်က ဖွဲ့စည်းပုံ၊ အတိုင်းအတာနဲ့ ကွန်ရက်တွေကိုဖော်ထုတ်ဖို့ အာရုံစိုက် လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း အမျိုးသားစုံစမ်းစစ်ဆေးရေးရုံးအကြီးအကဲ ဗိုလ်ချုပ်ကြီး ဘတ်ဆုန်းဂျူး က ပြောပါတယ်။ 

လစာကောင်းကောင်းပေးမယ်လို့ ကတိပေးထားပြီး ကမ္ဘောဒီးယားနိုင်ငံက လိမ်လည်မှုစင်တာမှာ အလုပ်ဝင်ဖို့သွေးဆောင်ခံရတဲ့ တောင်ကိုးရီးယား တက္ကသိုလ်ကျောင်းသားတယောက် သြဂုတ်လအတွင်းက နှိပ်စက်ညှဉ်းပန်းခံခဲ့ရပြီး သတ်ဖြတ်ခံရမှုဖြစ်ပွားအပြီးမှာ ဆိုးလ်က ဌာနစုံအရာရှိကြီးတွေဟာ ဒီသီတင်းပတ်အတွင်းမှာ ဖနွမ်ပင်ကို သွားရောက်ပြီး သူတို့ရဲ့ ဆန္ဒမပါဘဲ ထိန်းသိမ်းချုပ်ကိုင်ခံနေရသူတွေ ပြန်လွတ်မြောက်ရေးအတွက် ဆွေးနွေးဆောင်ရွက်ခဲ့ကြတာပါ။

ကမ္ဘောဒီးယားက လိမ်လည်မှုစင်တာကွန်ယက်တွေမှာပတ်သက်နေတဲ့ နိုင်ငံပေါင်းစုံက လူမျိုးစုံ ၂ သိန်းလောက်ထဲမှာ တောင်ကိုးရီးယားနိုင်ငံသား ၁,၀၀၀ ကျော် ပါဝင်နေတယ်လို့ တောင်ကိုရီးယား အမျိုးသားလုံခြုံရေးအကြံပေး ဝီဆုန်းလက် က ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013