
ပြည်ပကို ဆန်ပိုမိုတင်ပို့နိုင်ဖို့ ရည်ရွယ်ပြီး ၂၀၂၆-၂၀၂၇ မိုးစပါးရာသီမှာ ပြည်ပပို့ကုန် ဆန်စပါးစိုက်ပျိုးရေးဇုန် (REZ) ဧက ၃ သိန်းခွဲ လျာထားဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားပါတယ်။
ဒီစီမံချက်ကို နေပြည်တော်၊ ဧရာဝတီ၊ ပဲခူးနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့မှာ အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။
စီမံချက်မှာပါဝင်တဲ့ တောင်သူတွေအနေနဲ့ တဧကကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ကျပ် ၃ သိန်း၊ ပို့ကုန်ကုမ္ပဏီတွေက ကျပ် ၂ သိန်းနဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေက ကျပ် ၂ သိန်းခွဲ စုစုပေါင်း ကျပ် ၇ သိန်းခွဲအထိ စိုက်ပျိုးစရိတ်ချေးငွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။
အသင်းချုပ်ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိအချိန်အထိ မြို့နယ် ၅၅ ခုက မိုးစပါးစိုက်ဧက ၃ သိန်းကျော်အတွက် ကုမ္ပဏီပေါင်း ၆၁ ခုကနေ စိုက်ပျိုးစရိတ်ချေးငွေတွေ စတင်ထုတ်ပေးနေပြီလို့ သိရပါတယ်။
ဒီစီမံကိန်းမှာ ပြည်ပပို့ကုန်ကုမ္ပဏီတွေ၊ လယ်ယာကုန်ထုတ်သမဝါယမအသင်းတွေ၊ ကန်ထရိုက် လယ်ယာစနစ် ဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေ၊ တောင်သူအစုအဖွဲ့တွေ၊ ဆန်စက်လုပ်ငန်းရှင်တွေနဲ့ သက်ဆိုင်ရာ MSME တွေ ပါဝင်နိုင်တယ်လို့ သိရပါတယ်။
ပါဝင်မဲ့မြေနေရာဟာ တဆက်တည်း အနည်းဆုံး ဧက ၃၀၀ ရှိရမှာဖြစ်ပြီး စပါးမျိုးကွဲ ၃ မျိုးထက် ပိုမစိုက်ဖို့ကိုလည်း ကန့်သတ်ချက်ထားပါတယ်။
ဒီစီမံကိန်းဟာ တောင်သူတွေရဲ့ ဝင်ငွေတိုးလာစေဖို့နဲ့ ပြည်ပပို့ကုန် အရည်အသွေးနဲ့ အရေအတွက် တိုးတက်လာစေဖို့ ရည်ရွယ်တာဖြစ်တယ်လို့လည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဆိုထားပါတယ်။
အသင်းချုပ်က ထုတ်ပြန်ထားတဲ့ တင်ပို့မှု ကိန်းဂဏန်းတွေအရ အခုဘဏ္ဍာနှစ်ရဲ့ ပထမ ၃ လဖြစ်တဲ့ ဧပြီ၊ မေ၊ ဇွန်လတွေအတွင်းမှာတော့ ပြည်ပကို ဆန်နဲ့ဆန်ကွဲ တင်ပို့မှုဟာ တန်ချိန် ၅ သိန်းကျော်သာ ရှိခဲ့ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့နှစ် ကာလတူက တင်ပို့ခဲ့တဲ့ တန်ချိန် ၆ သိန်းကျော်နဲ့ နှိုင်းယှဉ်ရင် တန်ချိန် ၁ သိန်းဝန်းကျင်လောက် လျော့ကျနေပါတယ်။










