
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ငဝန်မြစ်ရေ ဝင်ရောက်မှုကြောင့် မိုးစပါးစိုက်ဧက ၆,၀၀၀ ကျော် ရေနစ်မြုပ်ခဲ့တယ်လို့ တောင်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အဆိုပါ မြစ်ရေကြောင့် ကျေးရွာအုပ်စု ၆ အုပ်စုမှာရှိတဲ့ တောင်သူ ၂,၅၀၀ ကျော်ရဲ့ မိုးစပါးစိုက်ဧက ၆,၃၇၁ ဧက ရေနစ်မြုပ်ခဲ့တယ်လို့ သိရပါတယ်။
ရေဘေးသင့်တောင်သူတယောက်က “ရေတွေက အကုန်မြုပ်သွားတာ။ စပါးခင်းတွေလည်း ပျက်စီးသွားပြီ။ ရေက ကျမသွားဘူး။ တစိမ့်စိမ့်နဲ့ တိုးဝင်လာတာ။ အဓိက မိုးရွာလို့မဟုတ်ဘူး။ မိုးကလည်း အရမ်းကြီးမရွာဘူး။ တာကျိုးသွားလို့ ဖြစ်ရတာ။ ရေပြန်ကျသွားရင်တောင် စိုက်ခင်းတွေ ဘယ်လောက်ထိ ပျက်စီးသွားလဲဆိုတာ သိရမှာ” လို့ ပြောပါတယ်။
မြစ်ရေဝင်ရောက်မှုကြောင့် ရပ်ကွက်/ကျေးရွာအုပ်စု ၁၀ ခုရှိ အိမ်ခြေ ၁,၇၃၄ လုံး၊ အိမ်ထောင်စု ၁,၇၆၄ စုမှ လူဦးရေ စုစုပေါင်း ၈,၃၈၂ ယောက် ရေဘေးသင့်ခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အတွက်လည်း အရေးပေါ်လိုအပ်နေပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့လည်း ကယ်ဆယ်ရေး လုပ်ကိုင်နေသူတွေထံကနေ သိရပါတယ်။










