
လာမယ့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၃ သန်းတင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၇ ဘီလီယံကျော် ရရှိဖို့ ရည်မှန်းထားတယ်လို့ စစ်အာဏာရှင်ရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ဇူလိုင် ၂၃ ရက်နေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းရဲ့ ဆန်စပါးတင်ပို့မှုဆိုင်ရာ စိုက်ပျိုးရေးဇုန်များ (REZ) နဲ့ ပတ်သက်တဲ့ မေးခွန်းကို စစ်အာဏာရှင် ဝန်ကြီးဌာနက ပြန်လည်ဖြေကြားရာမှာ အခုလို ထည့်သွင်းပြောဆိုသွားတာပါ။
စစ်အာဏာရှင် ဝန်ကြီးဌာနကတော့ လာမယ့်နှစ်မှာ ဆန် တန်ချိန် ၂ ဒသမ ၈ သန်းနဲ့ ဆန်ကွဲ တန်ချိန် ၂ သိန်း၊ စုစုပေါင်း တန်ချိန် ၃ သန်း တင်ပို့ဖို့ လျာထားပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၇ ဘီလီယံကျော် ရရှိဖို့ မျှော်မှန်းထားပါတယ်။
ဒီလိုရည်မှန်းထားပေမဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ရဲ့ စာရင်းတွေအရ လက်ရှိ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပထမသုံးလ (ဧပြီ၊ မေ၊ ဇွန်) အတွင်း ဆန်နဲ့ ဆန်ကွဲ တင်ပို့မှုဟာ တန်ချိန် ၅ သိန်းကျော်သာ ရှိပြီး၊ ပြီးခဲ့တဲ့နှစ် ကာလတူက တန်ချိန် ၆ သိန်းကျော် တင်ပို့နိုင်ခဲ့တာနဲ့ နှိုင်းယှဉ်ရင် တန်ချိန် ၁ သိန်းဝန်းကျင် လျော့ကျနေတာကြောင့် နှစ်ကုန်မှာ လျာထားချက်ပြည့်မီရေးဟာ စိန်ခေါ်မှု ကြီးမားနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာတော့ ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၂ ဒသမ ၀၆ သန်းသာ တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၆၇၀ ကျော်သာ ရရှိခဲ့ပါတယ်။
စစ်အာဏာရှင် ဝန်ကြီးဌာနကတော့ ပို့ကုန်တိုးမြှင့်နိုင်ဖို့ အတွက် နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ ကျပ် ၈၆ ဘီလီယံကျော် သုံးစွဲပြီး ဧက ၃ ဒသမ ၄ သိန်းကျော်ကို Rice Export Zone (REZ) တွေအဖြစ် တိုးချဲ့ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်က ဧက ၁ သောင်းကျော်နဲ့ စမ်းသပ်အကောင်အထည်ဖော်ခဲ့တဲ့ REZ စီမံကိန်းမှာ ဘဏ်အာမခံတင်ပြရတဲ့ ကန့်သတ်ချက်တွေနဲ့ ပိုင်ဆိုင်မှုစာရွက်စာတမ်းဆိုင်ရာ အခက်အခဲတွေကြောင့် တောင်သူတွေဆီ ငွေကြေးစီးဆင်းမှု နှောင့်နှေးခဲ့တယ်လို့ စစ်အာဏာရှင် ဝန်ကြီးဌာနက ဝန်ခံပါတယ်။
အဲဒီအခက်အခဲတွေကို ဖြေရှင်းဖို့ လက်ရှိမှာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ရဲ့ အာမခံချက်နဲ့ အစားထိုးဆောင်ရွက်နေပြီး၊ တောင်သူတဦးချင်းကို တဧကလျှင် စုစုပေါင်း ကျပ် ၇ ဒသမ ၅ သိန်း ထုတ်ချေးပေးနေတယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း ပင်လယ်ရေကြောင်းနဲ့အတူ နယ်စပ်ကုန်သွယ်ရေးကနေ ပို့ကုန်တိုးမြှင့်ဖို့ ရည်ရွယ်ထားပေမဲ့ မူဆယ်-တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းဟာ တိုက်ပွဲတွေနဲ့ လုံခြုံရေးအခြေအနေ၊ လမ်းတလျှောက် ကုန်ကျစရိတ်မြင့်တက်မှုတွေကြောင့် ခြောက်လနီးပါး ရပ်တန့်နေပါတယ်။
လက်ရှိမှာ ကုန်သည်တွေဟာ တောင်ကြီး-မိုင်းလား လမ်းကြောင်းကိုသာ အသုံးပြုနေရပြီး သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်မြင့်မားတာကြောင့် အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။











