
ဒေါ်အောင်ဆန်းစုကြည်ကြောင့် ငြိမ်းချမ်းရေးမှာ နှောင့်နှေးကြန့်ကြာခဲ့ရတယ်လို့ စစ်အုပ်စု ဝန်ကြီးဟောင်း ငြိမ်းချမ်းရေးပွဲစား ဦးအောင်မင်းက ပြစ်တင်ဝေဖန် ပြောကြားလိုက်ပါတယ်။
အောက်တိုဘာ ၁၇ ရက် ညနေပိုင်းက နေပြည်တော် MICC 1 ကျောက်စိမ်းခန်းမမှာလုပ်တဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၁၀ နှစ်ပြည့်နဲ့ အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားမှာ ဝန်ကြီးဟောင်း ဦးအောင်မင်းက ဒေါ်အောင်ဆန်းစုကြည် အကြောင်း ထည့်ပြောသွားတာပါ။
အာဏာသိမ်းစစ်တပ်ရဲ့ မတရားဖမ်းဆီး အကျဉ်းချတာခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်အရာရှိကြီးတွေရဲ့ရှေ့မှာပဲ ဝန်ကြီးဟောင်း ဦးအောင်မင်းက အစ်မကြီးဒေါ်တောင်ဆန်းစုကြည်လို့ သုံးနှုန်းပြောဆိုလိုက်ပါတယ်။
ဒါပေမဲ့ အကောင်းပြောချီးမွန်းတာ မဟုတ်ဘဲ NLD အစိုးရ လက်ထက်ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှောင့်နှေးခဲ့ရတဲ့အကြောင်းကို ဝေဖန်ပြောဆိုလိုတဲ့သဘောမျိုး ထည့်ပြောသွားတာ ဖြစ်ပါတယ်။
"အစ်မကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကောင်းမှုကြောင့် ငြိမ်းချမ်းရေးမှာ နှောင့်နှေးကြကြာခဲ့တာတွေတော့ မပြောတော့ပါဘူး" လို့ ဦးအောင်မင်းက ဆိုပါတယ်။
စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် အမြင်မကြည်တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးကောင်းမွန် နီးစပ်သူတွေကို ရှာထူးက ဖယ်ရှားခဲ့တာတွေလည်း ရှိခဲ့ဖူးပါတယ်။
သမ္မတ ဦးသိန်းစိန်လက်ထက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌလည်းဖြစ် ကြံ့ခိုင်ရေးပါတီရဲ့ ပူးတွဲဥက္ကဋ္ဌလည်းဖြစ်တဲ့ သူရဦးရွှေမန်း၊ NLD အစိုးရလက်ထက် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကျော်ဆွေတို့ဟာ သိသာတဲ့ နမူနာပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ သူရဦးရွှေမန်းကို ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌအဖြစ်က အဓမ္မဖယ်ရှားပစ်ခဲ့သလို ဗိုလ်ချုပ်ကျော်ဆွေကိုလည်း ဝန်ကြီးရာထူးက အနားပေးပြီး မူလစစ်ဘက်တာဝန်တွေ ပြန်ထမ်းဆောင်စေခဲ့တာပါ။
စစ်အုပ်စုထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို အစ်မကြီးလို့ ပြောဆိုသုံးနှုန်းဝံ့သူ အင်မတန်နည်းပါးပေမဲ့ အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီးတယောက်လည်းဖြစ် ဝန်ကြီးဟောင်း တယောက်လည်းဖြစ်တဲ့ ဦးအောင်မင်းကတော့ လက်ရှိစစ်ခေါင်းဆောင်ရဲ့ လူယုံတွေဖြစ်တဲ့ NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး မင်းနိုင်တို့ရဲ့ရှေ့မှာတင် အစ်မကြီးဒေါ်အောင်ဆန်းစုကြည်လို့ သုံးနှုန်းပြောဆိုသွားတာကို တွေ့ရပါတယ်။
ဒါ့အပြင် သူ့အနေနဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်ဘဝကနေအနားယူတော့မှာ ဖြစ်ပြီး နောက်နောင် ငြိမ်းချမ်းရေးပွဲတွေကို မလာတော့ဘူးလို့လည်း ပြောကြားသွားပါတယ်။
"ကျနော်လည်း မလိုအပ်တော့ဘူး။ နောက်ပွဲတွေကိုတော့ ကျနော်မလာတော့ပါဘူး" လို့ မနေ့ကလုပ်တဲ့ NCA ၁၀ နှစ်ပြည့်နဲ့ အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားမှာ ဦးအောင်မင်းက ပြောသွားပါတယ်။
NCA ၁၀ နှစ်ပြည့် အခမ်းအနားနဲ့ တဆက်တည်း ကျင်းပတဲ့ "ငြိမ်းချမ်းသော မြန်မာ့အနာဂတ် တည်ဆောက်ခြင်း"အလုပ်ရုံဆွေးနွေးပွဲရဲ့ ၃ ရက်တာ ဆွေးနွေးမှုတွေထဲက နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကြံပြုချက် ၄၈ ချက်နဲ့ စီးပွားရေးအတွက် အကြံပြုချက် ၅၈ ချက် ရရှိခဲ့တယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်က နိုင်ငံတကာသံတမန်တွေကို ဖိတ်ခေါ်ပြီးနေပြည်တော်မှာ ငြိမ်းချမ်းရေးပွဲ ကျင်းပနေပေမဲ့ နိုင်ငံတဝန်းမှာတော့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပါတယ်။











