DVB Logo
Home
မြန်မာသတင်း
စစ်တပ် စစ်ကြောင်းထိုးသဖြင့် ဖယ်ခုံဒေသခံ ၁,၀၀၀ ခန့် တိမ်းရှောင်၊ အရေးပေါ် အကူအညီလိုအပ်
DVB
·
October 17, 2025
စစ်တပ် စစ်ကြောင်းထိုးသဖြင့် ဖယ်ခုံဒေသခံ ၁,၀၀၀ ခန့် တိမ်းရှောင်၊ အရေးပေါ် အကူအညီလိုအပ်
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ထဲက ဘောရန်ရွာနှစ်ရွာကို စစ်တပ်နဲ့ ပအိုဝ်းပြည်သူစစ် PNO က စစ်ကြောင်းထိုး မီးရှို့နေတဲ့အတွက် ဒေသခံ ၁,၀၀၀ ဝန်းကျင်လောက် ဘေးလွတ်ရာ ထွက်ပြေးနေရပြီး စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်း အကူအညီတွေ အရေးပေါ် လိုအပ်နေပါတယ်။

အောက်တိုဘာ ၁၃ ရက်က စစ်ကောင်စီတပ်နဲ့ PNO ပူးပေါင်းတပ်တွေဟာ ဘောရန်ရွာနှစ်ရွာကို စစ်ကြောင်းထိုးလာပြီး ရွာထဲကလူနေအိမ်တွေကို မီးလိုက်ရှို့နေလို့ ရွာသားတွေဟာ နှစ်နာရီကျော်ကြာ လမ်းလျှောက်ထွက်ပြေးလာပြီးတော့ လမ်းခုလတ်မှာ လာကယ်တဲ့အဖွဲ့တွေနဲ့ ဆုံတွေ့ခဲ့ကြပါတယ်။

Jobs For Kayah အဖွဲ့ တာဝန်ခံ ကိုစိုင်းက “လတ်တလော အရေးပေါ် တနေရာပြီးတနေရာ ရွှေ့လာရတဲ့အတွက် သူတို့မှာ တအားပင်ပန်းနေပြီ။ ကလေးတွေ၊ အမျိုးသမီးတွေကအစ အမျိုးသားတွေလည်း ပင်ပန်းနေပြီ၊ သူတို့ခမျာ မနားရဘူး” လို့ ပြောပါတယ်။

ဘောရန်ရွာဟာ အပေါ်ရွာနဲ့ အောက်ရွာ နှစ်ရွာရှိပြီး နှစ်ရွာပေါင်း လူဦးရေ ၁,၆၀၀ လောက် နေထိုင်ကြတာပါ။

အာဏာသိမ်းခါစမှာ နှစ်ရွာလုံး တိုက်ပွဲတွေကြောင့် တိမ်းရှောင်ခဲ့ဖူးပြီး အခုတခါ ထိုးစစ်မှာလည်း နှစ်ရွာလုံးကို စစ်ကောင်စီတပ်နဲ့ PNO ပူးပေါင်းတပ်တွေ မီးဝင်ရှို့တဲ့အတွက် နီးစပ်ရာက ကယ်ဆယ်ရေးအဖွဲ့တွေက သွားကယ်ထုတ်နေတာ ဒေသခံ ၈၀၀ နီးပါးကို ဘေးလွတ်ရာ ကယ်ထုတ်ပြီးပြီလို့ လက်ရှိ ကယ်ဆယ်ရေးဝင်နေတဲ့ Jobs for Kayah တာဝန်ခံ ကိုစိုင်းက DVB ကို ပြောပါတယ်။

“တချို့စစ်ရှောင်လူနာတွေကတော့ အဲဒီတောင်ကြောနားမှာ ဘေးလွတ်တဲ့နေရာမှာပဲ ဆက်နေမယ်ပေါ့နော်၊ တခြားဘက်ကို မရွှေ့ချင်ဘူးပေါ့နော်၊ သူတို့ အားနာတာလည်းပါတယ်။ စစ်ကောင်စီတွေ PNO တွေ မတက်လာနိုင်ဘူးလို့ ယူဆထားလို့ သူတို့နေခဲ့တာတွေ ရှိတယ်။ အဲဒီမှာ ပစ္စည်းတွေ ပြန်ယူတဲ့ စစ်ဘေးရှောင်တွေ ကားရတဲ့လမ်းအထိ ကျနော်တို့ သွားသယ်ပေးခဲ့တယ်။”

ရှမ်း-ကရင်နီ နယ်စပ်ဖြစ်တဲ့ ဖယ်ခုံ-ပင်လောင်းဘက်ခြမ်းကို စက်တင်ဘာလထဲက စစ်ကောင်စီတပ်နဲ့ PNO ပူးပေါင်းတပ်တွေက စစ်ကြောင်းထိုးနေတာဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နဲ့ ၁၀ ရက်နေ့မှာလည်း မြောက်စလုံးကျေးရွာကို မီးဝင်ရှို့လို့ ကယ်ဆယ်ရေးသမားတွေ သွားကယ်ထုတ်ရပါသေးတယ်။

အခုနောက်ပိုင်း ထိုးစစ်တွေမှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေရှိတဲ့ နေရာတွေကို မီးရှို့တာအပြင် လက်နက်ကြီးနဲ့ပစ်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာ ပိုခံလာရတယ်လို့ ထွက်ပြေးလာရတဲ့ စစ်ရှောင်တွေက ဆိုပါတယ်။

ဘောရန်ကျေးရွာမှ ထွက်ပြေးလာသူတယောက်က “အင်အားက ၅၀ ကျော်လောက် ဖြစ်မယ်ထင်တယ်။ သူတို့ အပေါ်ရွာကနေ စဝင်တာထင်တယ်၊ အပေါ်ရွာကနေ အရင်ဆုံးရှို့တယ်။ နောက် အောက်ရွာကိုပြန်ဆင်း ကြောက်လည်းကြောက်တာပေါ့။ ကိုယ့်အိမ်လည်း လောင်ထားတယ် ဆိုတော့ တနှစ်ပတ်လုံး ကိုယ်စုဆောင်းထားတာလေးနဲ့ အိမ်ဆောက်ထားတာ အဲလိုမျိုး ပျက်စီးသွားတာကျ အရမ်းဝမ်းနည်းတယ်” လို့ ပြောပါတယ်။

လတ်တလော ထွက်ပြေးလာတဲ့သူတွေအတွက် အရေးပေါ် စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်း အကူအညီတွေ လိုအပ်ချက်တွေ များပြားနေပါတယ်။

လက်ရှိ ကယ်ဆယ်ရေးဝင်နေတဲ့အဖွဲ့မှာလည်း ကူနေတဲ့အပိုင်းတွေမှာ အကန့်အသတ်တွေ ရှိနေတဲ့အတွက် ကရင်နီစစ်ရှောင်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ပေးကြဖို့ကိုလည်း ကယ်ဆယ်ရေးသမားတွေက အကူအညီ တောင်းခံထားပါတယ်။

Jobs For Kayah တာဝန်ခံ ကိုစိုင်းက “ဒီနေ့သွားပေးတဲ့ စားနပ်ရိက္ခာနဲ့ မိုးကာတွေဆိုရင် ကျနော် အကြွေးယူသွားတာ၊ ဆိုင်ကနေ နောက်မှ ရန်ပုံငွေပြန်ကောက်ရတော့မှပဲ ကျနော်ပြန်ဆပ်မယ်။ အရေးပေါ်ဖြစ်တဲ့အတွက် ကျနော်တို့မှာ ရန်ပုံငွေ တကယ်မရှိတော့ဘူး။ ဆက်တိုက်ကြီး ကူလာရတော့ ရန်ပုံငွေ အကူငွေထည့်တဲ့သူက ဆက်တိုက်မရှိဘူးလေ။ တရက်မှာ တယောက် နှစ်ယောက် ရှိဖို့တောင် မလွယ်ဘူး” လို့ ပြောပါတယ်။

လက်ရှိ ကရင်နီမှာ စစ်ကောင်စီတပ်က စစ်မျက်နှာ ၅ ခုဖွင့်ပြီး ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲနဲ့နီးစပ်ရာ နေရာတွေကို မလိုအပ်ဘဲ ခရီးမသွားဖို့နဲ့ ဒေသခံပြည်သူတွေအနေနဲ့ ဒီကာလမှာ စစ်ရေးအသိနဲ့ လုံခြုံရေးသတိရှိကြဖို့ဆိုပြီး ကရင်နီအမျိုးသားကာကွယ်ရေး (KNDF) က ထုတ်ပြန် သတိပေးထားပါတယ်။

မောရစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013