
တကျော့ပြန် Victoria's Secret ဖက်ရှင်ရှိုးကို နယူးယောက်မှာပဲ ၂ နှစ်ဆက် ကျင်းပခဲ့ပြီး ဖက်ရှင်မော်ဒယ်တွေနဲ့အတူ ပရော်ဖက်ရှင်နယ် အားကစားသမားတွေပါ ပါဝင် လျှောက်လှမ်းခဲ့ကြ ပါတယ်။
အောက်တိုဘာ ၁၅ ရက် ညပိုင်းက ကျင်းပခဲ့တဲ့ပွဲမှာ အမျိုးသမီးဘတ်စကတ်ဘော WNBA စတား အိန်ဂျယ်ရီးစ်၊ အိုလံပစ်ကျွမ်းဘားမယ် ဆူနီဆာလီး တို့ဟာ Victoria's Secret Angel တွေအဖြစ် ပါဝင်ခဲ့ကြပါတယ်။
နာမည်ကျော် စူပါမော်ဒယ်တွေဖြစ်တဲ့ ဂီဂီနဲ့ ဘယ်လာ ဟာဒစ် ညီအစ်မ၊ အက်ဒီရယာနာ လီမာ၊ Transgender မော်ဒယ် အဲလက်စ် ကော့ဆာနီတို့လည်း ပါဝင်ခဲ့ပါတယ်။
၁၉၉၅ ကတည်းက စတင်ကျင်းပခဲ့တဲ့ ဒီရှိုးပွဲကို ၂၀၁၉ မှာ ရပ်နားခဲ့တာ ဖြစ်ပါတယ်။
လူကြိုက်များမှု ကျဆင်းလာ၊ Mee Too လှုပ်ရှားမှု၊ Feminism စတုတ္ထလှိုင်း၊ မိခင်ကုမ္ပဏီဟောင်း L Brands စီအီးအိုနဲ့ လိင်အရှုပ်တော်ပုံ ကျူးလွန်သူ ဂျက်ဖရီအက်ပ်စတိန်း ပတ်သက်မှုတွေကြောင့် အတွင်းခံကုမ္ပဏီရဲ့ ကမ္ဘာကျော်ဖက်ရှင်ရှိုးကို ရပ်နားခဲ့ရတာ ဖြစ်ပါတယ်။
၂၀၂၃ မှာ ဗီဒီယိုအဖြစ် Amazon Prime မှာပဲ ထုတ်လွှင့်ခဲ့ပြီး ၂၀၂၄ မှာမှ နယူးယောက်မှာ ပြန်ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: Reuters











