
ကိုလံဘီယာနိုင်ငံရဲ့ အရင် FARC ပြောက်ကျားလှုပ်ရှားမှုမှ ပေါ်ထွက်လာတဲ့ အတိုက်အခံအဖွဲ့ ၅ ဖွဲ့ထဲက တဖွဲ့ဖြစ်တဲ့ အမျိုးသားဘိုလီဗာရီယန်တပ်မတော် ညှိနှိုင်းရေးအဖွဲ့ (CNEB) ဟာ လက်ရှိ ကိုလံဘီယာအစိုးရနဲ့ ညှိနှိုင်းဆွေးနွေးမှုမှာ ငြိမ်းချမ်းရေးလက္ခဏာတရပ်အဖြစ် စစ်သုံးပစ္စည်း ၁၄ တန်ရဲ့ ပထမအသုတ်ကို အောက်တိုဘာ ၁၅ ရက်မှာလွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
ပွယ်တိုအာဆိစ် မြို့နယ်အနီးရှိ ပူတူမာယိုပြည်နယ်ရဲ့ ကျေးလက်ဒေသ သစ်တောနယ်မြေထဲမှာ အမျိုးသားစစ်တပ်ရဲ့ ထိန်းချုပ်ကြီးကြပ်မှုအောက်မှာ စစ်ရေးပစ္စည်းတွေကို ဖောက်ခွဲဖျက်ဆီးရေး လုပ်ဆောင်ခဲ့ပါတယ်။
အခုက လက်နက်တွေကို ဖျက်ဆီးပစ်လိုက်တာဖြစ်ပြီး လက်နက်တွေ များများဖျက်ဆီးလေ၊ ငြိမ်းချမ်းရေးအတွက် လမ်းရှင်းပြီး ပိုကောင်းလေပါပဲလို့ ကိုလံဘီယာသမ္မတ ဂူစတာဗို ပေထရိုက ပြောပါတယ်။
ကိုလံဘီယာသမ္မတအနေနဲ့ ပြည်သူတွေအတွက် ငြိမ်းချမ်းရေးက ဦးစားပေးဖြစ်ပြီး ကျနော်တို့ဟာ လူနဲ့လူချင်း အပြန်အလှန် ချိတ်ဆက်နေတာကြောင့် ကမ္ဘာကြီးကသာ အရိုင်းအစိုင်းဝါဒထဲ ကျရောက်သွားရင် ကိုလံဘီယာမှာလည်း ငြိမ်းချမ်းရေး ရဖို့ ခဲယဉ်းပါလိမ့်မယ်လို့ ဆိုပါတယ်။
ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်က လူသားတွေကို ကယ်တင်နိုင်တဲ့အတွက်ကြောင့် အမေဇုန်မိုးသစ်တောကို အပြည့်အဝကယ်တင်နိုင်ဖို့အတွက် နိုင်ငံတကာ ကိုယ်စားလှယ်တွေအနေနဲ့ အကူအညီပေးဖို့လည်း ဒီနေရာမှာ ဖိတ်ခေါ်လိုက်ပါတယ်လို့ သမ္မတ ပေထရိုက ပြောပါတယ်။
CNEB အဖွဲ့ဟာ တိုက်ခိုက်ရေးသမားတွေနဲ့ ပူးပေါင်းသူတွေ အပါအဝင် လူပေါင်း ၂၀၀၀ လောက်နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ဒီအဖွဲ့ကနေ ဖောက်ခွဲရေးပစ္စည်းတွေ၊ လက်ပစ်ဗုံးတွေ၊ အမြောက်တွေနဲ့ တခြားပစ္စည်းတွေကို လွှဲပေးလာတာဟာ ကိုလံဘီယာနိုင်ငံမှာ လူပေါင်း ၄ သိန်းခွဲကျော် သေဆုံးခဲ့ရတဲ့ နှစ် ၆၀ ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ ကြိုးပမ်းနေတဲ့ သမ္မတ ပေထရိုရဲ့ ငြိမ်းချမ်းရေးခြေလှမ်းတွေက အရေးအကြီးဆုံးခြေလှမ်းတခု ဖြစ်လာခဲ့ပါတယ်။
Source: Reuters










