
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာမှာ သွေးလွန်တုပ်ကွေးရောဂါနဲ့ အမျိုးသမီး ၂ ယောက် ရှေ့ဆင့်နောက်ဆုံး သေဆုံးခဲ့သလို လက်ရှိမှာလည်း ရွာသား ၁၀၀ ကျော် ဖျားနာနေကြ တယ်လို့ သိရပါတယ်။
အသက် ၂၈ နှစ်အရွယ် ဒေါ်ကြည်ကြည်ဝင်းဟာ ဇူလိုင် ၈ ရက်မှာ သေဆုံးခဲ့ပြီး ၃၅ နှစ်အရွယ် ဒေါ်ဦးမြသန်းဟာ ဇူလိုင် ၉ ရက်မှာ သေဆုံးခဲ့ပါတယ်။
ဝေသာလီကျေးရွာက အိမ်တိုင်နီးပါးတိုင်းမှာ သွေလွန်တုပ်ကွေးနဲ့ ငှက်ဖျားရောဂါဖြစ်ပွားနေကြပြီး ကျန်မာရေးစောင့်ရောက်မှု အရေးတကြီး လိုအပ်နေတယ်လို့ ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“အခုလည်း သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျား ဖြစ်နေကြတာ အိမ်တိုင်းမှာရှိကြတယ်။ တရွာလုံး အတိုင်းအတာနဲ့ လူပေါင်း ၁၅၀ နီးပါးလောက် ဖျားနေကြတာ။ အိမ်တအိမ်မှာ လူ ၄ ယောက် ရှိတယ်ဆိုရင် ၂ ယောက်လောက်က ပုံမှန်ဖျားပြီးသားပဲ။ အရမ်းစိုးရိမ်ဖို့ကောင်းတယ်။ လက်ရှိ ဆေးရုံတက်နေကြရတဲ့ လူတွေရှိသလို ဆေးခန်းပြနေကြရတဲ့ လူတွေလည်း အများကြီးပဲ။ ကျမတို့ကတော့ ကျန်းမာရေးဌာနက ကျေးရွာတွင်း ကွင်းဆင်းကုသပြီးတော့ ခြင်နိုင်ဆေးတွေ ဖြန့်ပေးစေချင်တယ်”
ဝေသာလီကျေးရွာမှာ မေလကတည်းက သွေလွန်းတုပ်ကွေးနဲ့ ငှက်ဖျားရောဂါ ဖြစ်ပွားနေကြတာ ဖြစ်ပြီး ဇွန်လနဲ့ ဇူလိုင်လတို့မှာ ရောဂါပြန့်ပွားမှု မြင့်တက်လာတာလို့ ကျေးရွာသားတွေက ပြောပါတယ်။
လက်ရှိမှာ ရောဂါပြန့်ပွားမှုမြင့်တက်လာနေတာကြောင့် အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ အရေးပေါ်ကုသမှုနဲ့ စနစ်တကျ ခြင်နှိုင်းနင်းဖို့ လိုအပ်တယ်လို့ ဝေသာလီ ကျေးရွာသားတွေက ပြောပါတယ်။
ဒေသခံတယောက်က “ရွာအတွင်း ဖျားနေကြတာက အရမ်းစိုးရိမ်ဖို့ကောင်းတယ်။ ငွေကြေး တတ်နိုင်တဲ့ သူတွေက ဆေရုံ၊ ဆေးခန်း သွားနိုင်ကြပေမဲ့ ငွေကြေးမတတ်နိုင်တဲ့ သူတွေလည်း ဖျားနေကြတာ အများကြီးပဲ။ အခုဟာ တအိမ်၊ နှစ်အိမ် မဟုတ်တော့ဘူး။ ရွာလုံးကျွတ်လို ဖြစ်နေတာဆိုတော့ ကျန်မားရေးဌာနအနေနဲ့ အရေးပေါ် ဆေးကုသမှုတွေနဲ့ ရောဂါအမြစ် ပြတ်သွားအောင် စနစ်တကျ ကြပ်မတ်မှုတွေ ပြုလုပ်စေချင်တယ်” လို့ ပြောပါတယ်။
ဝေသာလီကျေးရွာဟာ တောတောင်တွေနဲ့ နီးစပ်သလို ရေဝပ်နိုင်တဲ့ ချိုင့်ဝှမ်းလည်း ဖြစ်တာ ကြောင့် ခြင်ပေါက်ပွားမှုနှုန်းများတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၂၆ ခုနှစ်အတွင်း ဧပြီလကနေ သွေလွန်တုပ်ကွေးလူနာ စတင်တွေ့ရှိခဲ့ပြီး ဇွန် ၁၀ ရက်နေ့အထိ လူနာ ၃၃ ယောက် ဆေးကုမှုခံယူခဲ့ရတယ်လို့ အာရက္ခပြည်သူ့ ကျန်းမာရေး ဌာနက ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ်ကလည်း ရခိုင်ပြည်နယ်က AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၂,၄၅၂ ယောက်ရှိပြီး သေဆုံးသူ ၈ ယောက် ရှိခဲ့တယ်လို့ အာရက္ခပြည်သူ့ ကျန်းမာရေးဌာနရဲ့ စာရင်းတွေ အရသိရပါတယ်။
ရခိုင်ပြည်သူတွေအနေနဲ့ ဘာကြောင့်ဖျားဖျား နားလည်တတ်ကျွမ်းတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြသပြီး နှာခေါင်းသွေယိုတာ၊ အစားအသောက်မဝင်ဘဲ ဆက်တိုက်အန်တာ၊ အညိုအမည်းအဖတ် တွေ အန်တာ၊ မစင်မည်းမည်းစွန့်တာ၊ အဖျားကျပေမဲ့ ခြေဖျား၊ လက်ဖျားတွေ အေးစက်နေတာ စတဲ့ ရောဂါလက္ခဏာတွေ ပြရင် အချိန်မီဆေးရုံတက်ကုသကြဖို့ အာရက္ခပြည်သူ့ ကျန်မာရေး ဌာနက တိုက်တွန်းထုတ်ပြန်ထားပါတယ်။










