
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် ဝေသာလီရွာမှာ သွေးလွန်တုပ်ကွေးရောဂါကြောင့် ကလေးမိခင်နှစ်ယောက် သေဆုံးပြီးနောက် ရောဂါခံစားနေရသူတွေကို အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနက အခမဲ့ကွင်းဆင်းပြီး ကုသပေးနေတယ်လို့ သိရပါတယ်။
ငှက်ဖျားနဲ့တုပ်ကွေးရောဂါခံစားနေရသူ ၁၀၀ ကျော်လောက်ရှိတဲ့ ဝေသာလီရွာကို ဇူလိုင် ၁၁ ရက်နေ့မှာ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ကျန်းမာရေးဝန်ထမ်းတွေက ကွင်းဆင်းကုသပေးတာလို့ မြောက်ဦးဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“ဒီရွာကလူတွေ ဇူလိုင်လကနေစလို့ စဖျားကြတာ။ အစကတော့ သာမာန်ဖျားတာပဲထင်တယ်။ ဒီတိုင်း ဆေးသောက်ရင်းနေကြတာ။ အဖျားက မသက်သာ ငှက်ဖျားနဲ့ တုပ်ကွေးလက္ခဏာတွေပြပြီး သေတဲ့သူတွေရှိလာတော့မှ တရွာလုံးစိုးရိမ်သွားကြတာ။ စိုးရိမ်တဲ့အချိန်မှာ တရွာလုံးနီးပါး ကူးနေကြပြီ။ ဒီလိုအရေးပေါ်အခြေအနေမှာ AA ရဲ့ ကျန်းမာရေးဝန်ထမ်းတွေက ဆေးကုသမှု လာပေးတယ်ဆိုတော့ အတိုင်းမသိပေါ့” လို့ ပြောပါတယ်။
ရခိုင်မှာ ဇူလိုင် ၁ ရက်ကစလို့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေချိန် ငှက်ဖျားနဲ့တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားအောင် ဂရုတစိုက်နေထိုင်သင့်တယ်လို့ မြောက်ဦးကျန်းမာရေးဌာနက အမျိုးသမီးတယောက်က ပြောပါတယ်။
“ခြင်တွေတအားကိုက်တယ်။ အင်္ကျီလက်ရှည်တွေဝတ်ရမယ်။ ခြင်ဆေးခွေထွန်းရမယ်။ ရေကြီးနေချိန်မှာ ရေကိုအကြာကြီးဆင်းတာတွေ ရှောင်သင့်တယ်။ ဝမ်းပျက်ဝမ်းလျှောဖြစ်စေမဲ့ ရာသီးပေါ်သီးနှံ အမှည့်တွေစားတာတွေ ရေမသန့်တာတွေသောက်တာရှောင်ရမယ်” လို့ ပြောပါတယ်။
ဝေသာလီရွာမှာ သွေးလွန်တုပ်ကွေးရောဂါကြောင့် ဇူလိုင် ၈ ရက်နဲ့ ၉ ရက်နေ့မှာ ကလေးမိခင်နှစ်ယောက်သေဆုံးခဲ့တာပါ။
ပြီးခဲ့တဲ့ မေလလယ်ပိုင်းကစပြီး ဝေသာလီကျေးရွာမှာ ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးရောဂါတွေ ဖြစ်ပွားလာခဲ့ပြီး ဇူလိုင်လအတွင်း ရောဂါကူးစက်ခံရသူ ၁၅၀ နီးပါးရှိခဲ့တယ်လို့ သိရပါတယ်။
Photo : APM, ONN










