DVB Logo
Home
နိုင်ငံတကာ
သီရိလင်္ကာ၌ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၄၄,၀၀၀ ကျော်ရှိပြီး သေဆုံးသူ  ၂၈ ဦးရှိလာ 
DVB
·
June 21, 2026
Photo: REUTERS/Thilina Kaluthotage
Photo: REUTERS/Thilina Kaluthotage
Donate to DVB

သီရိလင်္ကာနိုင်ငံမှာ ဒီနှစ်ဇန်နဝါရီလကစပြီး အခုအချိန်ထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၄၄,၀၀၀ ကျော်နဲ့ သေဆုံးသူ ၂၈ ယောက်အထိ ရှိလာတာကြောင့် နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားမှုကို ရင်ဆိုင်နေရတယ်လို့ ကျန်းမာရေး တာဝန်ရှိသူတယောက်က ဇွန် ၁၉ ရက်မှာ ပြောပါတယ်။

ဒီလို ကူးစက်မှုတွေ အဆမတန်များပြားလာလို့ ပြည်သူ့ဆေးရုံတွေမှာပါ လူနာတွေ ပြည့်ကြပ်ပြီး အခက်တွေ့နေရတယ်လို့လည်း ဆိုပါတယ်။

သီရိလင်္ကာဟာ အပူပိုင်းနိုင်ငံဖြစ်တာမို့ တနှစ်ပတ်လုံး သွေးလွန်တုပ်ကွေး ဖြစ်ပွားလေ့ရှိပြီး ၂၀၁၇ ခုနှစ်တုန်းက အဆိုးရွားဆုံး ကြုံခဲ့ရဖူးသလို၊ ၂၀၁၉ နဲ့ ၂၀၂၃ ခုနှစ်တွေမှာလည်း ကူးစက်မှုတွေ အကြီးအကျယ် မြင့်တက်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ ဒီနှစ်မှာတော့ စနစ်တကျမရှိတဲ့ မြို့ပြချဲ့ထွင်မှုတွေအပြင် ပြီးခဲ့တဲ့ နိုဝင်ဘာလနှောင်းပိုင်းက တိုက်ခတ်ခဲ့တဲ့ ဒစ်ထ်ဝါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် အခြေအနေက အရင်နှစ်တွေထက် ပိုပြီးဆိုးရွားသွားတာပါ။

သွေးလွန်တုပ်ကွေးထိန်းချုပ်ရေးဗဟိုဌာန (NDCU) ရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ဧပြီလတုန်းက ဖြစ်ပွားသူ ၅,၆၅၁ ယောက်ပဲ ရှိခဲ့ရာကနေ ဇွန်လပထမ ၂ ပတ်အတွင်းမှာတင် လူနာဦးရေ ၁၀,၆၃၈ ယောက် အထိ ၂ ဆနီးပါး ခုန်တက်သွားခဲ့ပါတယ်။

ဒီနှစ် ဇန်နဝါရီလကတည်းက ရောဂါဖြစ်ပွားမှုနှုန်း အခြေခံပမာဏက မြင့်တက်နေခဲ့တာဖြစ်ပြီး၊ အခုလို ရောဂါအကြီးအကျယ် ကူးစက်ရတာဟာ ရာသီဥတုအခြေအနေ၊ မကြာခဏဆိုသလို ကြားဖြတ်ရွာသွန်းတဲ့ မိုးရွာသွန်းမှုပုံစံနဲ့ ပတ်ဝန်းကျင်မှာ အမှိုက်သရိုက်တွေ ပိုများလာတာကြောင့် ဖြစ်နိုင်တယ်လို့ ရောဂါဗေဒဆိုင်ရာ အကြံပေးဆရာဝန် ဒေါက်တာ ပရာရှီလာ ဆာမာရာဝီရာ က ရှင်းပြပါတယ်။

ဒါ့အပြင် နောက်ထပ် အနည်းဆုံး ၂ ပတ်လောက်အထိ ကူးစက်မှုတွေ ဆက်ပြီးတိုးလာနိုင်သေးတယ်လို့လည်း သတိပေးထားပါတယ်။

ကျန်းမာရေးအာဏာပိုင်တွေကတော့ ဒီနှစ်အတွင်း လူနာအရေအတွက်ဟာ သွေးလွန်တုပ်ကွေးလူနာ ၁၀၅,၀၀၀ ကျော်အထိ ရှိခဲ့တဲ့ ၂၀၁၉ ခုနှစ်က အခြေအနေမျိုးအထိ ဖြစ်သွားနိုင်တယ်လို့ သတိပေးထားပါတယ်။

သူတို့ရဲ့ ကွင်းဆင်းလေ့လာချက်တွေအရ စာသင်ကျောင်းတွေ၊ အစိုးရဌာနဆိုင်ရာ အဆောက်အအုံတွေ၊ စက်ရုံတွေနဲ့ ဘာသာရေးဆိုင်ရာ နေရာတွေဟာ ခြင်ပေါက်ဖွားရာ အဓိကနေရာ ၄ ခု ဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။

ဒါကြောင့် လက်ရှိမှာ သီရိလင်္ကာ ကျန်းမာရေးအာဏာပိုင်တွေ၊ ဒေသန္တရအစိုးရအဖွဲ့တွေနဲ့ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွေ စုပေါင်းပြီး လာမဲ့ ဇွန်လ ၂၂ ရက်အထိ အထူးစီမံချက်တရပ်ကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြပါတယ်။

အခြေခံလူထုအဆင့်မှာ ခြင်ပေါက်ဖွားရာနေရာတွေကို ရှာဖွေရှင်းလင်းတာ၊ ပတ်ဝန်းကျင်ကို ပြုပြင်မွမ်းမံတာနဲ့ ခြင်ဆေးမှိုင်း ဖျန်းတာတွေကို အဓိကလုပ်ဆောင်နေကြပြီး အခုလို ပတ်ဝန်းကျင် သန့်ရှင်းရေးနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကြောင့် လာမဲ့ ၄ ပတ်အတွင်းမှာ လူနာအရေအတွက်ကို လျှော့ချနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013