
ထိုင်းနိုင်ငံက အလုပ်သမား လိုလားချက် ဖြည့်ဆည်းတဲ့အနေနဲ့ သီရိလင်္ကာနိုင်ငံကနေ လုပ်သားဦးရေ ၁၀,၀၀၀ ကို ကနဦး ခေါ်ယူမယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၈ ရက် အစိုးရဝန်ကြီးများအစည်းအဝေးမှာ နှစ်နိုင်ငံအစိုးရကြား နားလည်မှုစာချွန်လွှာ MOU နဲ့ သီရိလင်္ကာနိုင်ငံက လုပ်သားတွေ ခေါ်ယူဖို့ သဘောတူ ဆုံးဖြတ်ခဲ့တယ်လို့ ထိုင်းဝန်ကြီးချုပ်ရုံး ဒုပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ဗိုလ်ကြီး ဖတ်ဒါရတ် ထောင်းစလွေကွဏ်းက ပြောပါတယ်။
ခုလို သီရိလင်္ကာက အလုပ်သမားတွေ ခေါ်ယူရတာဟာ ထိုင်းနိုင်ငံရဲ့ အချို့သော ကဏ္ဍတွေမှာ အလုပ်သမားအင်အား လိုအပ်ချက်တွေ ရှိနေဆဲဖြစ်တယ်၊ စက်မှုဇုန်က လုပ်ငန်းရှင်တွေရဲ့ တောင်းဆိုချက်တွေကြောင့်လည်း ဖြစ်တယ်၊ ဒါကြောင့် အစိုးရအနေနဲ့ တရားဝင်စနစ်နဲ့ ဝင်ရောက်မဲ့ နိုင်ငံခြားအလုပ်သမား ရှာဖွေရေးကို တိုးချဲ့ဆောင်ရွက်နေတာမှာ သီရိလင်္ကာနိုင်ငံဟာ ပထမဦးစားပေးနိုင်ငံမှာ ပါဝင်တယ်၊ ကနဦးအနေနဲ့ လုပ်သားဦးရေ ၁၀,၀၀၀ ကို ခေါ်ယူဖို့ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
ဒီအစီအစဉ်အတွက် သီရိလင်္ကာနိုင်ငံ တာဝန်ရှိသူတွေနဲ့ ယခင်ကတည်းက ဆွေးနွေးညှိနှိုင်းခဲ့တယ်၊ နှစ်နိုင်ငံကြား အလုပ်သမား စေလွှတ်ခြင်းနဲ့ လက်ခံခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင်တွေကို ပွင့်လင်းမြင်သာ ထိရောက်စွာ ရေးဆွဲခဲ့တယ်။ ဒီသဘောတူချက်ဟာ အလုပ်သမားငှားရမ်းမှု စည်းမျဉ်းစည်းကမ်းတခုတည်းအောက်မှာ အစမှအဆုံးထိ စစ်ဆေးစောင့်ကြည့်နိုင်မှာ ဖြစ်တယ်။ MOU ထဲမှာ အလုပ်သမားဈေးကွက် အချက်အလက်တွေ၊ အလုပ်သမားဥပဒေနဲ့ မူဝါဒတွေ၊ ဗဟုသုတ ကျွမ်းကျင်မှုနဲ့ နည်းလမ်းကောင်းတွေ ဖလှယ်တာ၊ လုပ်သားကျွမ်းကျင်မှုနဲ့ ထုတ်လုပ်မှု စွမ်းအားတိုးမြှင့်တာ၊ တရားမဝင် အလုပ်သမားနဲ့ လူကုန်ကူးမှုတွေ ကာကွယ်ဖို့ အချက်အလက်တွေ ပါဝင်တယ်လို့ ထိုင်းဝန်ကြီးချုပ်ရုံး ဒုပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒါ့အပြင် အလုပ်သမားတွေဟာ ဝေါ့ခ်ပါမစ် အလုပ်သမားကတ် ရှိရမယ်၊ ခွင့်ပြုထားတဲ့ အလုပ်ရှင်နဲ့ လုပ်ငန်းအမျိုးအစားမှာပဲ လုပ်ရမယ်၊ ကျန်းမာရေးဆေးစစ်မှု အောင်မြင်ပြီး ကျန်းမာရေးအာမခံကတ် ရှိရမယ်၊ ဥပဒေက သတ်မှတ်ထားတဲ့ အလုပ်သမားအခွင့်အရေးနဲ့ ဥပဒေရဲ့ ကာကွယ်ပေးမှု ရရှိမယ်လို့ ဆိုပါတယ်။
အလုပ်ခန့်အပ်မှု စာချုပ်သက်တမ်းကို ၂ နှစ်တာ သတ်မှတ်ထားပြီး လုပ်သားတွေအနေနဲ့ နေရပ်မပြန်ခင် နောက်ထပ် ၂ နှစ် ထပ်မံသက်တမ်းတိုးထားနိုင်တယ်။ စာချုပ်အတိုင်း ပြည့်မီအောင် လုပ်ကိုင်ပြီးပါက ပြန်ပို့တဲ့ ကုန်ကျစရိတ်ကို အလုပ်ရှင်က တာဝန်ယူ ကုန်ကျခံရမယ်လို့ ဆိုပါတယ်။
Source: MCOT News / Bright TV











