
သီရိလင်္ကာနိုင်ငံရဲ့ အကြီးဆုံး နိုင်ငံတကာ စွန်ပွဲတော်ကို မြို့တော်ကိုလံဘိုမှာ သြဂုတ် ၉ ရက်က ကျင်းပခဲ့ပြီး မြို့တော်ရဲ့ အထက်ကောင်းကင်ယံမှာ ရောင်စုံစွန်ရာပေါင်းများစွာ ဖုံးလွှမ်းသွားပါတယ်။
ဒီပွဲဟာ ကမ္ဘာတဝန်းက စွန်လွှတ်သူတွေကို စုစည်းပေးခဲ့ပြီး သီရိလင်္ကာနိုင်ငံကို ခရီးသွား အပန်းဖြေနေရာတခုအဖြစ် မြှင့်တင်ဖို့ ကူညီပေးလိမ့်မယ်လို့ စီစဉ်သူတွေက မျှော်လင့်ထားပါတယ်။
ပုံသဏ္ဌာန်နဲ့ အရွယ်အစား အမျိုးမျိုးရှိတဲ့ ရောင်စုံစွန်တွေဟာ ကိုလံဘိုမြို့တော်ရဲ့ သမုဒ္ဒရာကမ်းစပ် လျှောက်လမ်းအထက်မှာ ပျံဝဲနေတာပါ။ မိသားစုတွေ၊ ခရီးသွားတွေနဲ့ စွန်ဝါသနာရှင်တွေ စုဝေးခဲ့ကြပါတယ်။
သီရိလင်္ကာရဲ့ ပထမဆုံး ညစွန်ပွဲတော်အဖြစ် စီစဉ်သူတွေက ဖော်ပြခဲ့တဲ့ပွဲလည်း ပါခဲ့ပြီး မီးထွန်းထားတဲ့ စွန်တွေ ကိုလံဘိုမိုးကုပ်စက်ဝိုင်းပေါ်မှာ ပျံသန်းနေကြပါတယ်။
နိုင်ငံပေါင်း ၃၀ က နိုင်ငံတကာ စွန်လွှတ်သူ အယောက် ၈၀ လောက်နဲ့ ဒေသခံ ပါဝင်သူ ၁,၅၀၀ ကျော်လည်း ပွဲတက်ခဲ့ကြတယ်လို့ စီစဉ်သူတွေက ပြောခဲ့ပါတယ်။
ပွဲတော်ဟာ သီရိလင်္ကာရဲ့ ခရီးသွားလုပ်ငန်းကို မြှင့်တင်ဖို့ ရည်ရွယ်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ၊ ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ ပွဲတွေပါတဲ့ တပတ်ကြာ အစီအစဉ်တခုအဖြစ် တိုးချဲ့လာခဲ့ပါတယ်။
Source: Reuters










