
ရခိုင်ပြည်နယ်မှာ တနှစ်ကျော်ကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်သူ ၂,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၈ ယောက်အထိ ရှိခဲ့တယ်လို့ အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနက ဇွန် ၁၀ ရက် ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
၂၀၂၅ ခုနှစ်က အာရက္ခတပြည်လုံးမှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားတဲ့သူ ၂,၄၅၂ ယောက် ရှိခဲ့ပြီး သေဆုံးသူ ၈ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၆ ခုနှစ် ဧပြီလကနေ အခု ဇွန်အထိ ဖြစ်ပွားသူ ၃၃ ယောက် ရှိနေပြီး လက်ရှိအချိန်ထိ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
အမ်းမြို့နယ်က စစ်ရှောင်အမျိုးသမီးတယောက်က “တခြားရာသီထက် အခုလို မိုးရာသီ ရောက်လာတော့ ခြင်တွေကလည်း ပေါလာတယ်။ စစ်ရှောင်ရတာကလည်း စစ်ရေးအခြေအနေ ကြည့်ပြီး ပြေးလွှားနေရတော့ အတည်အကျမရှိတဲ့အပြင် ခြင်ထောင်၊ စောင်တွေကအစ မပြည့်စုံဘူး။ အရင်နှစ်ကလည်း ဒီရောဂါကို အခု မိုးတွင်းကာလ အများဆုံး ခံစားခဲ့ရတယ်” လို့ ပြောပါတယ်။
လက်ရှိ သွေးလွန်တုပ်ကွေးရောဂါ ခံစားနေရတဲ့ ၃၃ ယောက်ဟာ ရမ်းဗြဲ၊ မြောက်ဦး၊ ရသေ့တောင်၊ မင်းပြား၊ မြေပုံ မြို့နယ်တွေက ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်က မြောက်ဦးမြို့နယ်ဟာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့သူ ၉၄၆ ယောက် ရှိခဲ့ပြီး အများဆုံးဖြစ်ခဲ့တဲ့ မြို့နယ်ဖြစ်ကာ မင်းပြားမြို့နယ်မှာ ၇၀၄ ယောက် ဖြစ်ခဲ့ပြီး ဒုတိယ အများဆုံးဖြစ်တဲ့ မြို့နယ်ဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အာရက္ခ ပြည်သူ့ကျန်းမာရေးဌာန အနေနဲ့လည်း ရောဂါကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းတွေ၊ ရောဂါထိန်းချုပ်ရေး လုပ်ငန်းတွေ၊ ကုသရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေကို မိမိတို့မှာရှိတဲ့ ကျန်းမာရေးဝန်ထမ်း၊ စက်ကိရိယာတွေနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။










