DVB Logo
Home
မြန်မာသတင်း
မဲဆောက်ရောက် ကိုယ်လက်အင်္ဂါ မသန်စွမ်းသူများအတွက် အလုပ်အကိုင် စီစဉ်ပေး
DVB
·
October 16, 2025
မဲဆောက်ရောက် ကိုယ်လက်အင်္ဂါ မသန်စွမ်းသူများအတွက် အလုပ်အကိုင် စီစဉ်ပေး
Donate to DVB

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို ရောက်ရှိနေတဲ့ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေအတွက် အလုပ်အကိုင်တွေ စီစဉ်ပေးနေတယ်လို့ News Myanmar Foundation ဆီကနေ သိရပါတယ်။

မဲဆောက်မြို့ကို ရောက်ရှိနေတဲ့  ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေ အထူးသဖြင့် စစ်ဒဏ်ကြောင့် ဒဏ်ရာရရှိခဲ့သူတွေအတွက် အလုပ်အကိုင်ပေးနိုင်ဖို့ ဂျပန်အဖွဲ့အစည်းတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ပူးပေါင်းပြီး ကြိုးပမ်းနေတယ်လို့ News Myanmar Foundation တာဝန်ရှိသူတွေက ပြောပါတယ်။

အင်္ဂလိပ်စာ အခြေခံရှိပြီး ကွန်ပျူတာ အခြေခံအဆင့် ကျွမ်းကျင်သူတွေကို အချက်အလက် စာရင်းသွင်းတဲ့အလုပ် ခေါ်ယူနေပြီး အလုပ်အတွက် လိုအပ်တဲ့ ကွန်ပျူတာကိုလည်း အကြွေးစနစ်နဲ့ ဝယ်ယူပေးတယ်လို့ သိရပါတယ်။

ရွေးချယ်ခံရသူတွေဟာ သင်တန်း ၂ ပတ်ကနေ ၄ ပတ် တက်ရမှာဖြစ်ပြီး သင်တန်းကာလနဲ့ အလုပ်ဝင်ပြီးကာလမှာ အမေရိကန်ဒေါ်လာ ၃၅၀ ဝန်းကျင် ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

အလုပ်ချိန် မနက် ၉ နာရီကနေ ညနေ ၆ နာရီအထိ တပတ် ၅ ရက် လုပ်ကိုင်ရမှာဖြစ်ပြီး ၃ နှစ်အတွင်း လူပေါင်း ၃၀၀ အထိ ခန့်အပ်သွားမယ်လို့ သိရပါတယ်။

News Myanmar Foundation မှ ဒေါက်တာစန်းအောင်က “မသန်စွမ်းတဲ့သူတွေကျတော့ ဘယ်သူမှ မယူကြဘူး၊ ကူမယ့်သူမရှိဘူး။ အခုကျ နည်းလမ်းတခု တွေ့လာတာပေါ့နော်။ မသန်စွမ်းတွေကို ကူညီတဲ့ အဖွဲ့အစည်းတွေရှိတယ်၊ စီးပွားရေးသမားတွေရှိတယ်၊ သူတို့နဲ့ ချိတ်ဆက်ပြီးတော့ ပထမဆုံး ချိတ်ဆက်ပြီးတော့မှ ကွန်ပျူတာအခြေခံရတယ်၊ အင်္ဂလိပ်စကားလေးလည်း အလုပ်ဖြစ်အောင် ပြောနိုင်တယ်ဆို သူတို့ကို အလုပ်ပေးတာပေါ့၊ အဲဒါလေးတွေ စလုပ်နေတာပေါ့” လို့ ပြောပါတယ်။

News Myanmar Foundation အနေနဲ့ မသန်စွမ်းသူတွေအတွက် ထောက်ပံ့ကြေးပေးတာ၊ နေစရာ အကူအညီပေးတာနဲ့ စိတ်ပိုင်းဆိုင်ရာ အကူအညီပေးနေတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံက အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့လည်း အလုပ်အကိုင် ဖန်တီးပေးတာတွေ အပါအဝင် တခြား အကူအညီပေးတာတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

မဲဆောက်မြို့မှာ အလုပ်အကိုင်ရှားပါးတဲ့အတွက် တနေ့ကို အလုပ်ချိန် ၁၀ နာရီဝန်းကျင်ရှိပြီး နေ့စားခ တနေ့ ဘတ် ၂၀၀ ဝန်းကျင်ပဲ ရရှိတယ်လို့ ဆိုပါတယ်။

မဲဆောက်မြို့ကို ရောက်ရှိလာတဲ့ သာမန်သူတွေတောင် အလုပ်အကိုင်ရရှိဖို့ အခက်ခဲတွေရှိနေပြီး ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေအတွက် အလုပ်အကိုင်ရရှိရေးဟာလည်း စိန်ခေါ်မှုတရပ် ဖြစ်နေတယ်လို့ ဆိုပါတယ်။

မသန်စွမ်းသူတွေအတွက် ပြင်ပမှာ အလုပ်အကိုင်လုပ်ရတာ ခက်ခဲတဲ့အတွက် အခုလို အွန်လိုင်းက အလုပ်လုပ်ရမှာ ဖြစ်တဲ့အတွက် နေထိုင်စားသောက်ရေးအတွက် ပိုပြီးအဆင်ပြေလာမယ်လို့ အလုပ်ရရှိသူတယောက်က ပြောပါတယ်။

“AI နဲ့ ပတ်သက်တဲ့ ဟာတွေကိုပဲ ဒီကနေ လုပ်ပေးရတာပေါ့။ လက်ရှိ အကြမ်းဖျင်းကတော့ ဒီလောက်ပဲ သိထားရသေးတယ်။ လာမယ့် တနင်္လာနေ့ကျမှပဲ ထရိန်နင် ၂ ပတ် ဒါမှမဟုတ် ၃ ပတ် ကြာပြီးမှပဲ ပြန်သိရမှာပေါ့။ အများကြီးတော့ အဆင်ပြေသွားတာပေါ့။ မဟုတ်ရင် အရင်လတွေတုန်းကဆို အခက်အခဲတွေက ရှိတာပေါ့။ အဓိက ဒီမှာက နေရေးထိုင်ရေးကပဲ အရေးအကြီးဆုံးဆိုတော့ အခုကျတော့ အသက်ရှူချောင်တာပေါ့။ Income ရှိတော့လည်း နည်းနည်းတော့လည်း စိတ်သက်သာရာရပါတယ်။”

မြန်မာနိုင်ငံက လူဦးရေ ၆ သန်းနီးပါးဟာ မသန်စွမ်းသူတွေ ဖြစ်တယ်လို့ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ သိရပါတယ်။

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013