DVB Logo
Home
မြန်မာသတင်း
ဘားအံတွင် ဧည့်စာရင်းတိုင်ခနှင့် စစ်မှုထမ်းကြေးကြောင့် စစ်ရှောင်နှင့် အိမ်ငှားများ အခက်ကြုံ
DVB
·
October 16, 2025
ဘားအံတွင် ဧည့်စာရင်းတိုင်ခနှင့် စစ်မှုထမ်းကြေးကြောင့် စစ်ရှောင်နှင့် အိမ်ငှားများ အခက်ကြုံ
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ လစဉ် ဧည့်စာရင်းတိုင်ကြားခနဲ့ စစ်မှုထမ်းကြေးအပြင် ကရင်ပြည်နယ်နေ့အတွက် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေး‌ တာဝန်ရှိသူတွေက ငွေကောက်ခံတာတွေကြောင့် စစ်ရှောင်တွေနဲ့ အိမ်ငှားနေထိုင်သူတွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်တွေ၊ ပြည်တွင်းကနေ အလုပ်အကိုင်အတွက် ရွှေ့ပြောင်းရောက်ရှိနေသူတွေဟာ ဘားအံမြို့နယ်အတွင်းမှာ ထောင်နဲ့ချီ အိမ်ငှား နေထိုင်နေရပါတယ်။

စစ်ရှောင်ပြည်သူတွေနဲ့ အိမ်ငှားနေထိုင်သူတွေဟာ လစဉ် ဧည့်စာရင်းတိုင်ကြားခနဲ့ လစဉ် စစ်မှုထမ်းကြေး ပေးနေရတဲ့အပြင် လာမယ့် နိုဝင်ဘာလမှာ ပြုလုပ်မယ့် ကရင်ပြည်နယ်နေ့ အခမ်းအနားအတွက် ငွေကောက်ခံတာတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်တွေနဲ့ အိမ်ငှားနေထိုင်သူတွေက ပြောပါတယ်။

စစ်ရှောင်တယောက်က “အိမ်ငှားနေတဲ့သူတွေကော စစ်ဘေးရှောင်တဲ့သူတွေကော ကုန်ဈေးနှုန်းကြီးတာက တမျိုး၊ သူတို့က အလှူငွေထည့်ရတာနဲ့ အဆင်မပြေဘူး။ အလှူငွေ မထည့်ရင်တော့ မရဘူး။ ပြီးလို့ရှိရင် သူတို့က ရက်လေး နည်းနည်းကျော်သွားရင် မရဘူး။ ပြောတယ်၊ တခုမဟုတ် တခု ရှာကြံပြီးပြောတယ်။ ဟိန်းဟောက်တယ်။ စစ်မှုထမ်းကြေးဆိုရင် အိမ်ရှင်က တသောင်းခွဲ။ အိမ်ငှားက တသောင်း သူတို့လိုက်ကောက်တာ။ စစ်ရှောင်တွေကော အိမ်ငှားကော အတူတူပဲ။ အိမ်ငှားနေရတာလည်း မလွယ်ဘူး။ ကုန်ဈေးနှုန်းကကြီးတာနဲ့ လစဉ်ကုန်ကျစရိတ်နဲ့ သူတို့ကို အချိန်မှန် လစဉ်ပုံမှန်သွားပြီးတော့ မတိုင်ရင် အဆင်မပြေဘူး။ ရက်ကျော်သွားရင် ဒဏ်ရိုက်တယ်” လို့ ပြောပါတယ်။

လစဉ် ဧည့်စာရင်းတိုင်ကြားရာမှာ ဆယ်အိမ်မှူး ထောက်ခံစာအတွက် ကျပ် ၁,၀၀၀၊ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး‌တွေက အလှူငွေလို့ ပြောဆိုပြီး ကျပ် ၅,၀၀၀ ကနေ ၁၀,၀၀၀ ထည့်ရပြီး ရက်လွန်ကြေးအနေနဲ့ ဒဏ်ကြေး ကျပ် ၅,၀၀၀ ကနေ ၁၀,၀၀၀ ပေးနေရတဲ့အပြင် မိတ္တူကူးခ ကုန်ကျတာတွေ ရှိပါတယ်။

ဒါ့အပြင် လစဉ် စစ်မှုထမ်းကြေးအတွက် ကျပ် ၁၀,၀၀၀ မဖြစ်မနေပေးရပြီး ကရင်ပြည်နယ်နေ့အတွက် တအိမ်ထောင် ကျပ် ၁၀,၀၀၀ အနည်းဆုံး ပေးရတယ်လို့ စစ်ရှောင်တွေနဲ့ အိမ်ငှားနေထိုင်သူတွေက ပြောပါတယ်။

မြို့မိမြို့ဖတယောက်က “ကောက်တယ်။ လစဉ်ကြေးရှိတယ်။ စစ်ရှောင်တွေလည်း ထည့်ရတယ်။ ပေးရတယ်။ ဧည့်စာရင်းတိုင်လည်း ပေးရတယ်။ တလ ဘယ်လောက် ဘယ်လောက်။ နောက် စစ်မှုထမ်းကြေးကော။ ဧည့်စာရင်းတိုင်တာနဲ့ စစ်မှုထမ်းကြေးက ပါလာပြီလေ။ ထည့်ဆို ထည့်။ ပေးဆို ပေး။ ပေးတာပြုတာမရှိရင် လိုအပ်တဲ့ ထောက်ခံစာ သွားယူရင် အခက်အခဲရှိတာပေါ့။ သွယ်ဝိုက်ပြီးတော့။ အခုက လာရင် ထည့်ပေးလိုက်တယ်။ အကြောက်တရားက ရှိပြီးသားလေ။ ရှင်းပြလည်း ထည့်။ မရှင်းပြလည်း ထည့်ရတာပဲ။ အဓိက,ကတော့ စစ်ဘေးရှောင်တွေက ပိုဒုက္ခရောက်တယ်။ အလုပ်ဖြစ်တော့ စာရေး၊ အုပ်ချုပ်ရေးမှူး တော်တော်လေး ချမ်းသာတဲ့သူတွေ အများကြီးရှိတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ လဆန်းပိုင်းကလည်း ဘားအံမြို့မှာ ၆ လနဲ့အထက် နေထိုင်နေတဲ့ စစ်ရှောင်တွေနဲ့ အိမ်ငှားနေထိုင်သူတွေ ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့ မဲစာရင်းပြုစုရာမှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေအတွက် အနည်းဆုံး ၁၅,၀၀၀ ကျပ်နီးပါး ကုန်ကျခဲ့ရပါတယ်။

လက်ရှိမှာလည်း ကရင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ကုန်ဈေးနှုန်း ကြီးမြင့်လာတာ၊ အလုပ်အကိုင် ရှားပါးတာတွေကိုပါ စစ်ရှောင်တွေနဲ့ အိမ်ငှားနေထိုင်သူတွေ ထပ်မံ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013