DVB Logo
Home
မြန်မာသတင်း
မြောင်နယ်၊ ဇရပ်ကုန်းရွာ လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူ ၁၀ ဦးထက်မနည်း ဒဏ်ရာရ
DVB
·
October 16, 2025
မြောင်နယ်၊ ဇရပ်ကုန်းရွာ လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူ ၁၀ ဦးထက်မနည်း ဒဏ်ရာရ
Donate to DVB

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဇရပ်ကုန်းကျေးရွာကို အောက်တိုဘာ ၁၅ ရက် မနက် ၈ နာရီဝန်းကျင်မှာ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ကလေးငယ်တွေ အပါအဝင် ပြည်သူ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

စစ်တပ်က ပေါင် ၂၅၀ ဗုံးတလုံးနဲ့ ရော့ကတ်၊ စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး မြေပြင်မှာ တိုက်ပွဲမရှိဘဲခုလို တိုက်ခိုက်ခဲ့တာကြောင့် ဝမ်းဗိုက်ကို ထိမှန်ခဲ့တဲ့ အမျိုးသမီးတယောက်ကတော့ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောင်-ပကဖ မှ ကိုသီဟက “သေဆုံးသူက မရှိဘူးဗျ၊ ထိခိုက်ဒဏ်ရာတွေများတာ၊ ကလေးအငယ်တယောက်ပါတယ်၊ ကျောင်းသားတယောက်ပါတယ်၊ နောက်ပြီးတော့ အသက်ကြီးတဲ့လူတွေပေါ့နော်။ ပန်းပဲဖိုလုပ်ငန်း လုပ်နေတဲ့လူတွေရော၊ နေရာချတာ ၆ နေရာလောက် ချတာဆိုတော့ ရော့ကတ်နဲ့ပစ်တာ၊ ရော့ကတ် ၆ လုံးကျမှာပေါ့၊ ၆ နေရာ။ နောက်ပြီးတော့ ပေါင် ၂၅၀ ဝန်းကျင် အဲဒါကြီးက တောထဲကျတာ တော်သေးတယ်။ ရွာ့တောင် တောထဲမို့လို့ ရွာထဲဆိုရင်တော့ သေမှာပေါ့။ အိမ်တွေပျက်တယ်၊ တိရစ္ဆာန်သေတယ်၊ နွားတွေ ဝက်တွေ၊ မြေပြင်မှာ ဘာမှမရှိဘူးနော်၊ အလွတ်လာချတာ။ ဇရပ်ကုန်းက မနှစ်ကတုန်းကလည်း ဒီအချိန်ပဲလေ၊ ၂ ရက်ပဲကွာတာ မနှစ်ကနဲ့။ တနှစ်ပြည့်ပြီးနောက်မှာ ၂ ရက်ထဲလွန်သေးတာ။ မနှစ်က လူတွေသေတုန်းကလေ” လို့ ပြောပါတယ်။

မြောင်နယ်၊ ဇရပ်ကုန်းရွာကို ၂၀၂၄ အောက်တိုဘာလထဲမှာ စစ်တပ်က ပထမအကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ပြီး အဲဒီတုန်းက ပြည်သူ ၇ ယောက် ထိခိုက်သေဆုံးခဲ့ပါတယ်။

မြောင်နယ်ဟာ လက်နက်ကိုင်တော်လှန်ရေး အစောပိုင်းကာလတွေမှာ PDF တွေ အားကောင်းခဲ့တဲ့ နယ်မြေဖြစ်ပြီး စစ်ကိုင်းတိုင်းရဲ့ ပထမဆုံး လွတ်မြောက်နယ်မြေအဖြစ် နာမည်ထွက်ခဲ့တဲ့ဒေသ ဖြစ်ပါတယ်။

ဒေသခံတယောက်က “ရွာတောင်ဖျားကနေ စလာတာ။ စိုးရိမ်ရတယ်၊ တယောက်ကတော့ အလားအလာမကောင်းဘူး၊ ဗိုက်မှန်တဲ့တယောက်က၊ အမျိုးသမီး။ ဒဏ်ရာရတဲ့သူက အများကြီးပေါ့ဗျာ။ ရှပ်မှန်လေးတွေက များတယ်။ နေရာပေါင်းက အစုံဆိုတော့ လမ်းကြောကတော့ အရင်တခါမှန်တဲ့အိမ်တွေအထိ ရောက်သွားတာ။ ပစ်တာကတော့ ၈ နာရီပတ်ခြာလည်လောက် လက်ဖက်ရည်ထိုင်သောက်ရင်းနဲ့ ဗျင်းဗျင်းဗျင်းဆို အသံကြီး ပစ်သံကြားရတော့ အကုန်လုံး ဝမ်းလျားတွေ ထိုးမှောက်နေကြရတာ။ စုံစမ်းတော့ ရည်ရွယ်ချက်တွေက ကျောင်းပုံစံမျိုးဖြစ်မှာပါ။ ကျောင်းဖွင့်တာတွေကို ဖျက်ဆီးချင်တဲ့ပုံစံ။ ကျောင်းကို တည့်တော့မဟုတ်ဘူး၊ ကျောင်းမြောက်ဘက်က တမာပင်တွေ အကုန်ပြတ်သတ်၊ နွားတွေရော ခြေထောက်တွေပြတ်တာ၊ ရွာဦးဘုရားကလည်း အုတ်တံတိုင်းတွေပြိုကျ၊ အလုံးတွေက သေးသေးဆိုတော့ သိပ်အဆောက်အဦပျက်တဲ့ အနေအထားတွေတော့ မဟုတ်ဘူး။ ပစ်တာတော့ တော်တော်များတယ်” လို့ ပြောပါတယ်။

မြောင်နယ်ဟာ မန္တလေးတိုင်း၊ မကွေးတိုင်းတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး ဒေသတွင်း တိုက်ပွဲတွေမှာ လိုအပ်တဲ့နေရာတွေကို မြောင်ဒေသတွင်း PDF တွေက လိုက်လံကူညီ ပံ့ပိုးနေတာပါ။

ဧရာဝတီမြစ်ကမ်းဘေးမှာတည်ရှိပြီး စစ်ကိုင်း-မန္တလေး-မကွေး ဒေသတွင်းမှာ ဗျူဟာအရ အရေးပါတဲ့ နေရာမှာ ရှိနေတဲ့အတွက် စစ်တပ်က ဖိအားပေးထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ ဒေသလည်း ဖြစ်ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013