DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲကို ကူညီပေးမည်ဟု  တရုတ်ကိုယ်စားလှယ်ပြော 
DVB
·
October 16, 2025
ရွေးကောက်ပွဲကို ကူညီပေးမည်ဟု  တရုတ်ကိုယ်စားလှယ်ပြော 
Donate to DVB

အာဏာသိမ်းစစ်တပ်ကကျင်းပမယ့် ရွေးကောက်ပွဲအတွက် အကူအညီတွေပေးသွားဖို့ အသင့်ရှိနေတယ်လို့ တရုတ်အစိုးရရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းက ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၁၅ ရက် မနက်ပိုင်းက နေပြည်တော် MICC 1 မှာ ကျင်းပတဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)  ၁၀ နှစ်ပြည့် အခမ်းအနားမှာ တရုတ်နိုင်ငံရဲ့ ကိုယ်စားလှယ်က တက်ရောက်မိန့်ခွန်းပြောစဉ်မှာ ထည့်သွင်း ပြောကြားခဲ့တာပါ။

မစ္စတာ တိန့်ရှီကျွင်းက "ပြန်လည်သင့်မြတ်ရေးနဲ့ တည်ငြိမ်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ပေါ်ပေါက်လာဖို့ ဆောင်ရွက်နေတဲ့ မြန်မာကို တရုတ်အနေနဲ့ ခိုင်ခိုင်မာမာ ထောက်ခံပါတယ်။ မကြာခင် ကျင်းပတော့မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း လိုအပ်တဲ့ ရုပ်ဝတ္ထု ပစ္စည်းအကူအညီနဲ့ နည်းပညာအကူအညီပေးအပ်သွားဖို့ အသင့်ရှိနေတယ်" လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ မြင့်တက်လာပြီး ထိန်းသိမ်းရခက်တဲ့ စည်းကမ်းမဲ့ အခြေအနေတွေ ပေါ်ပေါက်လာမှာကို မလိုလားတဲ့အကြောင်း တရုတ်ဟာ မြန်မာရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဘူးဆိုတဲ့မူဝါဒကို တင်းတင်းကျပ်ကျပ် ဆုတ်ကိုင်ထားပြီး ဝင်ရောက်စွက်ဖက်နေတဲ့ နိုင်ငံတွေကိုလည်း ဆန့်ကျင်တဲ့ကြောင်းလည်း ပြောပါတယ်။

မစ္စတာ တိန့်ရှီကျွင်းက “မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအဆင်အလာကို အစဉ်အမြဲ လေးစားပြီးတော့ ပြည်ပနိုင်ငံတွေက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတာကိုလည်း ဆန့်ကျင်တယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့  ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ ဆန့်ကျင်တယ်လို့ တရုတ်ကိုယ်စားလှယ်က ပြောနေပေမဲ့  ရှမ်းမြောက်ဒေသမှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကို ထိန်းချုပ်ထားတဲ့ နယ်မြေတွေ ပြန်စွန့်လွှတ်ဖို့ ခြိမ်းခြောက် ဖိအားပေးပြီး မြန်မာ့ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ဝင်ရောက် စွက်ဖက်နေတာဖြစ်ပါတယ်။

သိသာထင်ရှားတဲ့ ရလဒ်တခုကတော့ လားရှိုးကို ထိန်းချုပ်ထားတဲ့  MNDAA ကိုးကန့် တပ်တွေ လားရှိုးကနေ ဆုတ်ပေးလိုက်ရတာဖြစ်ပြီး ဒါကို နှစ်ဖက်အပစ်အခတ်ရပ်ပြီး သဘောတူညီမှုရအောင် ကြားဝင်ညှိနှိုင်းပေးတာလို့ တရုတ်ဘက်က ဆိုပါတယ်။

လားရှိုးကို စစ်ကောင်စီတပ်က ပြန်ထိန်းချုပ်လိုက်ပြီးတဲ့နောက်ပိုင်းမှာ ရှမ်းမြောက်မှာရှိတဲ့ တခြားမြို့တွေကို စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်တာတွေ၊ လေကြောင်းက ဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေလို့ ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးတာ၊ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်ရတာတွေရှိနေပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းပြီး တည်ငြိမ်တဲ့ အခြေအနေတရပ်ဖြစ်ပေါ်လာဖို့ လိုအပ်နေပြီး သဘောထား ကွဲလွဲမှုတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့ ကြိုးစားနေတဲ့အပေါ်ကိုလည်း တရုတ်က ထောက်ခံတယ်လို့ တရုတ်ကိုယ်စားလှယ်က ပြောပါတယ်။

မနေ့က ကျင်းပတဲ့ NCA ၁၀ နှစ်ပြည့်အခမ်းအနားကို တရုတ်အပါအဝင် အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တာတွေ့ရပြီး မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ ဆက်လက်ကျင်းပနေတဲ့ အလုပ်ရုံဆွေးနွေးပွဲမှာလည်း အဲဒီနိုင်ငံတွေက ကိုယ်စားလှယ်တွေ ဝင်ရောက်ဆွေးနွေးကြမယ်လို့လည်း သိရပါတယ်။

NCA ၁၀ နှစ်ပြည့်အခမ်းအနားကို  အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့က တက်ရောက်ခြင်းမရှိဘဲ  ၄ ဖွဲ့သာ တက်ရောက်ခဲ့ ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013