DVB Logo
Home
မြန်မာသတင်း
ဝက်လက်တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်ပြီး မြေပြင် စစ်ကြောင်းထိုးနေ
DVB
·
October 16, 2025
ဝက်လက်တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်ပြီး မြေပြင် စစ်ကြောင်းထိုးနေ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေလို့ ပြည်သူတွေ ထိခိုက်ဒဏ်ရာရခဲ့သလို အင်အားအလုံးအရင်းနဲ့ မြေပြင် စစ်ကြောင်းထိုးနေလို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ဝက်လက်နယ်ထဲကို ရန်သူ့ဘက်က စစ်ကြောင်း ၃ ကြောင်းလောက်ကို အင်အားအလုံးအရင်းနဲ့ ဝင်နေတာ။ လေကြောင်းတိုက်ခိုက်တာတွေကလည်း အခုလ ၁၃ ရက်နေ့ကစပြီး ၁၅ ရက်နေ့အထိ နေ့တိုင်းပဲဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၁၃ ရက်ကနေ ၁၅ ရက်အထိ ဝက်လက်မြို့နယ်ထဲက ရွာသာကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့သလို အောက်တိုဘာ ၁၄ ရက်မှာ သမန်သာကျေးရွာ စာသင်ကျောင်းကို စက်တပ်လေထီး ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဝက်လက်မြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုအလင်းရောင်က “လေကြောင်းကနေ ဂျက်ဖိုက်တာ၊ ပါရာမိုတာ၊ ဂျိုင်ရိုမော်တာ အမျိုးမျိုးနဲ့ လာကြဲနေတာ။ သာမန်သာရွာက စစ်ဘေးရှောင်တွေနေတဲ့စာသင်ကျောင်းကို ကြဲခံရတာမှာ အမျိုးသမီး ၂ ယောက် ဒဏ်ရာရတယ်။ စာသင်ကျောင်းဆောင် ပျက်စီးတယ်။ ရွာသာကြီးရွာကလည်း အမျိုးသမီး ၃ ယောက် ဒဏ်ရာရတယ်။ စိုးရိမ်ရတဲ့ အနေအထားတွေတော့ မဟုတ်ကြပါဘူး။ လူနေအိမ်တချို့ ပျက်စီးတယ်ဗျ။ ဒဏ်ရာရတဲ့တချို့က ဂျိုင်ရိုမော်တာကို မမြင်ဘူးလို့ ထွက်ကြည့်ရင်း ဗုံးစထိမှန်ကြတာ။ အဓိကအချက်က ကျနော်တို့ ဝက်လက်မြို့နယ်ကို ရွေးကောက်ပွဲ မကျင်းပဖြစ်တဲ့ မြို့နယ်အဖြစ် ကြေညာထားတော့ စစ်တပ်ဘက်က မစားရတဲ့အမဲ သဲနဲ့ပက်တဲ့သဘောနဲ့ အခုလိုလုပ်နေတာလို့ မြင်တယ်” လို့  ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဝက်လက်မြို့နယ်ထဲကို အရှေ့ခြမ်း၊ မြောက်ခြမ်းနဲ့ အနောက်ခြမ်းတွေကနေလည်း မြေပြင်ကနေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေလို့ တိုက်ပွဲဖြစ်ပွားနေပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မြေပြင်စစ်ကြောင်းထိုးတာတွေကြောင့် ​နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒေသခံပြည်သူတွေဟာလည်း ၃,၀၀၀ အထက်မှာ ရှိနေတယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မြေပြင်စစ်ကြောင်းတွေကြောင့် ဝက်လက်မြို့နယ်အတွင်းက ဒေသခံပြည်သူတွေ အနေနဲ့လည်း သတိရှိရှိ သွားလာနေထိုင်ကြဖို့နဲ့ လေယာဥ်သံကြားရင်လည်း ထွက်ကြည့်တာတွေ မပြုလုပ်ကြဖို့ တော်လှန်ရေးအဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013