
၈ လကျော်ကြာတဲ့အထိ ထိုးဖောက်လို့မရတဲ့ ကရင်ပြည်နယ်၊ မြဝတီတောင်ဘက် လေးကေ့ကော်မြို့သစ်အနီးက ရဲကုန်းစခန်းကို စစ်တပ်ဘက်က ဝေဟင်၊ မြေပြင် ပစ်ကူ အလွန်အကျွံသုံးပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်တွေ ယာယီ ခွာစစ်ဆင်ပေးခဲ့ရတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မြဝတီမြို့တောင်ဘက် ဝေါလေလမ်းပိုင်းနဲ့ တပ်စခန်းတွေကို ပြန်လည်ရယူဖို့နဲ့ ဝေါလေဗျူဟာမကျရေး စစ်အာဏာရှင်တပ်ဘက်က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ဗိုလ်ဘိအဖွဲ့၊ နယ်ခြားစောင့်တပ် (BGF) အကူအညီနဲ့ ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
ဒါ့အပြင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၅ ရက်ကစပြီး စစ်အာဏာရှင် စစ်ကြောင်းတွေဟာ မြေပြင်ပစ်ကူရယူပြီး ဖလူး၊ မင်းလက်ပံကျေးရွာကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတာပါ။
ဒါကြောင့် ဇူလိုင်လ ဒုတိယပတ်က လေးကေ့ကော်အနီးက ကာကင်းစခန်းဖြစ်တဲ့ KNLA ရဲ့ ရဲကုန်းစခန်းကို ဝေဟင်နဲ့ မြေပြင်ပစ်ကူ အလွန်အကျွံသုံးပြီး လူအင်အားအများအပြားနဲ့ ထိုးစစ်ဆင်ခဲ့ပါတယ်။
မြေပြင်စစ်ရေးသတင်းရင်းမြစ်တယောက်က “အခြေအနေကတော့ ရဲကုန်းဘက်တော့ နည်းနည်း ခွာပေးလိုက်ရတယ်။ လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ လက်နက်ကြီးနဲ့ အဆမတန် ပစ်တဲ့အခါကျတော့ ကိုယ့်လူဘက်က နည်းနည်းခွာပေးလိုက်တယ်။ သူတို့ကတော့ မင်းလက်ပံဘက်မှာတော့ (ထိုးစစ်ဆင်တာ) မရဘူး။ အဲဒီတော့ ရဲကုန်းဘက်မှာတော့ နည်းနည်းခွာပေးလိုက်တဲ့အခါကျတော့ နည်းနည်းစောင့်ကြည့်ပြီး တိုးရင်းလည်း တိုးမယ်၊ ပြောလို့တော့မရဘူး။ (တိုက်ပွဲက) နေ့တိုင်းပဲ” လို့ ပြောပါတယ်။
ဖလူး၊ မင်းလက်ပံကျေးရွာအနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်းကို စစ်အာဏာရှင်တပ်တွေက ခလရ ၂၇၅ ကနေ ထောင်နဲ့ချီတဲ့ လူအင်အားတွေ အဆမတန် ဖြည့်တင်းခဲ့ပါတယ်။
တဖက်မှာလည်း ဝေါလေဗျူဟာမကျရေးနဲ့ နယ်စပ်ဒေသတလျှောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ စိုးမိုးခွင့်မရအောင် မဟာဗျူဟာမြောက် ထိုးစစ်ဆင်နေတယ်လို့ ကရင်စစ်ရေးလေ့လာသူတွေက ပြောပါတယ်။
ကရင်စစ်ရေးလေ့လာသူတယောက်က “မင်းလက်ပံတို့ ဖလူးကြီး ဖလူးလေးတို့ကတော့ စကမဘက်က မရရအောင် တက်မှာပဲ။ ဘာကြောင့် မရရအောင် ထိုးစစ် ပြန်ဆင်လဲ ဆိုတဲ့အခါကျတော့ ဝေါလေဗျူဟာ မကျစေရေးနဲ့ မင်းလက်ပံနဲ့ အင်ကြင်းမြိုင်ဘက်မှာရှိတဲ့ ဖလူးကြီး ဖလူးလေးရှိတဲ့ နယ်စပ်ဂိတ်တွေကို ပြန်လည်ထိန်းချုပ်ခွင့်ရသွားမယ်ဆိုရင် မြဝတီကနေ ကုန်စည်စီးဆင်းမှုကို အေးအေးဆေးဆေး သာသာယာယာ သူတို့လိုချင်တဲ့ အကောင်အထည်ဖော် လုပ်ဆောင်သွားလို့ ရနိုင်မယ်ဆိုတဲ့ သူတို့ရဲ့အမြင်နဲ့ မြဝတီနဲ့ အကွာအဝေး ကန့်သတ်ဧရိယာအတွင်းမှာရှိတဲ့ မင်းလက်ပံ ဖလူးကြီး ဖလူးလေး ဝေါလေ ဒီနေရာမှာရှိနေတဲ့ တိုင်းရင်းသား လက်ကိုင်အဖွဲ့အစည်းတွေ စိုးမိုးခွင့်မရအောင် မဟာဗျူဟာမြောက် စစ်ရေး စစ်ဆင်နေတယ်လို့ပဲ ကျနော်တို့က ပြောချင်ပါတယ်” လို့ ပြောပါတယ်။
စစ်တပ် စစ်ကြောင်းတွေဟာ မြေပြင်ပစ်ကူရယူပြီး ဖလူး၊ မင်းလက်ပံကျေးရွာကို ထိုးဖောက် ဝင်ရောက် ကြိုးစားနေတာကြောင့် လက်နက်ကြီး၊ လက်နက်ငယ်ကျည်တွေ ထိုင်းနိုင်ငံဘက်ခြမ်းထိ ကျရောက်ခဲ့ပါတယ်။
လက်ရှိမှာလည်း စစ်တပ်က စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးပစ်ခတ်တာ အပြင် လေကြောင်းရန်ကို စိုးရိမ်ပြီး လေးကေ့ကော်၊ မင်းလက်ပံ၊ ဖလူး၊ ရသေ့ဂူ၊ ထီးမယ်ဝါးခီး စတဲ့ ကျေးရွာက ဒေသခံ ၄,၀၀၀ ကျော်ဟာ သောင်ရင်းမြစ် တဘက်ကမ်း ထိုင်းနိုင်ငံဘက်နဲ့ နီးစပ်ရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။










