DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးရန် ဖိုရမ် ၂၀၀၀ ညီလာခံ၌ တောင်းဆို
DVB
·
October 15, 2025
ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးရန် ဖိုရမ် ၂၀၀၀ ညီလာခံ၌ တောင်းဆို
Donate to DVB

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ဖိအားပေးလုပ်ဆောင်ဖို့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီပြန်လည် အသက်သွင်းရေး မဟာမိတ်အဖွဲ့ (ICDR) နဲ့  ၂၉ ကြိမ်မြောက်  ဖိုရမ် ၂၀၀၀ ညီလာခံ တက်ရောက်သူတွေက ကမ္ဘာ့အင်အားကြီးနိုင်ငံ ခေါင်းဆောင်တွေကို အရေးတကြီး တောင်းဆိုလိုက်ပါတယ်။ 

အောက်တိုဘာ ၁၂ ရက်ကနေ  ၁၄ ရက် အထိ ချက်သမ္မတနိုင်ငံ မြို့တော် ပရာ့ဂ်မှာ ကျင်းပတဲ့  ၂၉ ကြိမ်မြောက် ဖိုရမ် ၂၀၀၀ ညီလာခံ (Forum 2000 Conference) မှာ  တောင်းဆိုလိုက်တာပါ။ 

အသက် ၈၀ အရွယ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းကတည်းက ဖမ်းဆီးချုပ်နှောင်ထားပြီး နှလုံးရောဂါ ဆိုးရွားစွာ ခံစားနေရချိန်မှာ လုံလောက်တဲ့ ဆေးကုသခွင့်မရတဲ့အပြင် သားဖြစ်သူ ကင်မ်အဲရစ်နဲ့လည်း အဆက်အသွယ် ဖြတ်တောက်ထားပါတယ်။

ဒီအခြေအနေမှာ ကမ္ဘာ့ခေါင်းဆောင်တွေဖြစ်တဲ့ အမေရိကန်၊ ကနေဒါ၊ ယူကေနဲ့ ဥရောပသမဂ္ဂ အစိုးရတွေ အပါအဝင် အာဆီယံ၊ အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျ အစိုးရတို့ အနေနဲ့ မြန်မာစစ်တပ်ကို ဖိအားပေးဖို့ကို တောင်းဆိုလိုက်တာပါ။

တောင်းဆိုချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်း ခြွင်းချက်မရှိ လွှတ်ပေးရေး ဖိအားပေးဖို့နဲ့ လိုအပ်တဲ့ ဆေးကုသမှုအပြင် သားဖြစ်သူ တွေ့ဆုံခွင့်ကို ချက်ချင်းပေးဖို့ တောင်းဆိုထားပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ၂၀၂၁ အာဏာသိမ်းပြီးနောက် စစ်တပ်ဟာ အရပ်သားလူထုအပေါ် ရက်စက်တဲ့ အကြမ်းဖက်စစ်ပွဲ ဆင်နွှဲနေတာကို ထောက်ပြထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ ရပ်ရွာတွေ ဖျက်ဆီးခံနေရပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေကာ အပြစ်ပေးခံရခြင်း မရှိဘူးလို့ ဖော်ပြထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ NLD ကို ပြတ်သားတဲ့ အခွင့်အာဏာပေးအပ်ခဲ့တဲ့ မြန်မာပြည်သူလူထုရဲ့ ဆန္ဒကို စစ်အုပ်စုက လျစ်လျူရှုပြီး တရားဝင်မှုမရှိတဲ့ အတုအယောင် ရွေးကောက်ပွဲတွေနဲ့ အာဏာကို ဆက်လက်ထိန်းသိမ်းဖို့ ကြိုးစားနေတယ်လို့ ပြောဆိုထားပါတယ်။

လက်ရှိအချိန် နိုင်ငံရေး အကျဉ်းသား ၂၉,၀၀၀ ကျော်ရှိပြီး လူသန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ အကူအညီတွေအရေးတကြီး လိုအပ်နေတယ်လို့လည်း ဖိုရမ်တက်ရောက်သူတွေက ထောက်ပြထားပါတယ်။

ဖိုရမ် ၂၀၀၀ ညီလာခံ စတင်ကျင်းပဖို့ စိတ်ကူးဟာ ၁၉၉၇ ခုနှစ်မှာ ပေါ်ပေါက်ခဲ့တာပါ။ အဲဒီတုန်းက သမ္မတ ဟာဗယ်လ်နဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အီလီဝီဆယ်လ်တို့က ကမ္ဘာ့ခေါင်းဆောင်တွေကို ပရာ့ဂ်မြို့ကို ဖိတ်ခေါ်ခဲ့ပြီး ထောင်စုနှစ်သစ်ရဲ့ အစမှာ လူသားတွေ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကို ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ဖိုရမ် ၂၀၀၀ ဟာ အောင်မြင်ပြီး ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခံရတဲ့ ညီလာခံတခု အဖြစ် တိုးတက် ပြောင်းလဲလာခဲ့ပါတယ်။

ဒီညီလာခံမှာ ထင်ရှားကျော်ကြားတဲ့ ဧည့်သည်တော်တွေက လူ့အခွင့်အရေး အခြေအနေကနေစပြီး ဒီမိုကရေစီရဲ့ အခြေအနေနဲ့ နိုင်ငံတကာ စည်းမျဉ်းအခြေခံစနစ်ရဲ့  စိန်ခေါ်မှုတွေအထိ အမျိုးမျိုးသော အကြောင်းအရာတွေကို နိုင်ငံတကာအသိုက်အဝန်းတခုလုံးအတွက် ဟောပြောဆွေးနွေးလေ့ ရှိကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013