DVB Logo
Home
မြန်မာသတင်း
အားကောင်းသည့် ရွေးကောက်ပွဲ ဖြစ်မည်ဟု စစ်ခေါင်းဆောင် ပြော
DVB
·
October 15, 2025
အားကောင်းသည့် ရွေးကောက်ပွဲ ဖြစ်မည်ဟု စစ်ခေါင်းဆောင် ပြော
Donate to DVB

လာမယ့် ဒီဇင်ဘာမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ တော်တော်အားကောင်းတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်က ပြောပါတယ်။

နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I) မှာ အောက်တိုဘာ ၁၅ ရက် ဒီနေ့ ပြုလုပ်တဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ အဲဒီလို ပြောခဲ့တာပါ။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က “မြန်မာအီလက်ထရောနစ် မဲပေးစက်ကို အကြိမ်ကြိမ်စိစစ်ပြီးတော့မှ ဒီတိုင်းလုပ်ပါ။ ပိုက်ဆံကုန်ချင်လည်း ကုန်ပါစေဆိုပြီး လုပ်တာဖြစ်ပါတယ်။ မနေ့က သက်ဆိုင်ရာ ပုဂ္ဂိုလ်တချို့တွေကို ပြပါတယ်။ ဘယ်လိုမှ မဲမသမာမှု လုပ်နိုင်စရာ အကြောင်းမရှိပါဘူး။ မသမာမှု လုပ်နိုင်စရာအကြောင်း မရှိဘူး။ ကြိုတင်မဲကိုလည်း ကန့်သတ်ချက်မျိုးစုံ ကျနော်တို့ လုပ်ထားပါတယ်။ ဒါကြောင့် ဒီဟာတော့ ရွေးကောက်ပွဲကတော့ အောင်မြင်တဲ့ရွေးကောက်ပွဲ ဖြစ်နိုင်တယ်လို့၊ ဒါ Free and Fair ဖြစ်တဲ့ ရွေးကောက်ပွဲ ဖြစ်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ ကျနော်တို့ ရွေးကောက်ပွဲကတော့ တော်တော်အားကောင်းတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်”လို့ ပြောပါတယ်။

ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ အတန်းပညာနဲ့ ပတ်သက်တာ၊ တခြားငြိစွန်းတာတွေ တွေ့တဲ့အခါ အပြောင်းအလဲ ရှိနိုင်မယ်လို့လည်း သူက ပြောပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲကို ၃ ကြိမ်ပြုလုပ်သွားမှာဖြစ်ပြီး ပထမအကြိမ်မှာ ၁၀၂ မြို့နယ်၊ ဒုတိယအကြိမ်မှာ မြို့နယ် ၁၀၀၊ ကျန်မြို့နယ်တွေကိုတော့ တတိယအကြိမ် အနေနဲ့ လုပ်မယ်လို့ သူက ပြောပါတယ်။

တကယ်လို့ ရွေးကောက်ပွဲလုပ်ဖို့ ထပ်ပြီး ကျန်သေးတဲ့ မြို့နယ်တွေ ရှိသေးတယ်ဆိုရင်တော့ လာမယ့်အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်က ဦးဆောင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ပေးပါလိမ့်မယ်လို့လည်း ဆိုပြန်ပါတယ်။

“ကျနော်တို့ ပထမအကြိမ်မှာတော့ ၁၀၂ မြို့နယ်ပေါ့။ ဒုတိယအကြိမ်မှာ ၁၀၀ ကျနော်တို့ လုပ်ပါမယ်။ ကျန်တဲ့မြို့နယ်တွေကတော့ တတိယအကြိမ်မှာ လုပ်ပါမယ်။ ရာနှုန်းပြည့်တော့ ကျနော်တို့ မရဘူးဆိုတာ ကြိုတင် ကျနော် ဝန်ခံထားပါတယ်။ ရာနှုန်းပြည့်တော့ ‌ရွေးကောက်ပွဲ သုံးရပ်လုံးမှာလည်း ရာနှုန်းပြည့် မလုပ်နိုင်ခဲ့ပါဘူး။ ရွေးကောက်ပွဲကို ရာနှုန်းပြည့် မလုပ်နိုင်တောင်မှ ကျန်တဲ့အကြောင်းအမျိုးမျိုးကြောင့် မလုပ်နိုင်တဲ့ ရွေးကောက်ပွဲကိုလည်း နောင်လာမယ့် အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့ ကြားဖြတ်ရွေးကောက်ပွဲ လုပ်တဲ့အချိန်ကျရင် ဖြည့်ဆည်းပြီးတော့မှ အားလုံးပြည့်စုံအောင်လုပ်ဖို့ ဒါလည်း ကျနော်တို့ စဉ်းစားထားတယ်ဆိုတဲ့ အကြောင်းလည်း ကျနော် ပြောလိုပါတယ်။”

စစ်အာဏာရှင် ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့၊ အရပ်သားတွေ အပေါ် စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကနေ အကာအကွယ်ပေးဖို့နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ဆောင်ရွက်ပေးဖို့ တော်လှန်ရေးအင်အားစုတွေက အာဆီယံကို တိုက်တွန်း တောင်းဆိုထားပါတယ်။

အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ စတင်မယ့် ရွေးကောက်ပွဲမှာ တနိုင်ငံလုံး ဝင်ပြိုင်မယ့် ပါတီ ၆ ပါတီ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ၅၁ ပါတီရှိပြီး တသီးပုဂ္ဂလ အပါအဝင် ကိုယ်စားလှယ်လောင်း ၅,၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013