DVB Logo
Home
Lead Story
ဘူးလက်ရဲ့ ကျည်ဆန် ထပ်မမှန်စေဖို့
DVB
·
October 15, 2025
ဘူးလက်ရဲ့ ကျည်ဆန် ထပ်မမှန်စေဖို့
Donate to DVB

ခက်တော့ ခက်တယ်။ မပြရင် မြင်ချင်။ တားထားရင် ဝင်ချင်။ မသွားနှင့်ဆိုရင် သွားချင်။  ဤသည်မှာ လူ့သဘာဝ။ ထိုလူ့သဘာဝကို ပိုင်ပိုင်နိုင်နိုင် အသုံးချသွားသူမှာ ဘူးလက်။ ဘူးလက်လှဆွေဆိုတာက ကြံ့ဖွံ့ထိပ်ပိုင်းတဦး။ စစ်ဗိုလ်ဘဝကလာပေမဲ့ နိုင်ငံရေးပါးဝလှသူ တဦး။

စစ်ကော်မရှင်အလိုကျ ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင် (UEC) က မဲစာရင်းတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်လာပါတယ်။ စစ်တပ်စိုးမိုးဒေသများမှာ ချိတ်ဆွဲထားတဲ့ မဲစာရင်းတွေကို စိတ်ဝင်တစား သွားကြည့်သူ သိပ်မရှိလှ။ ချရောင်းပေမဲ့ ဝယ်သူက လှည့်ပင်မကြည့်တဲ့ ပစ္စည်းပမာ။ ရပ်ကွက်ရုံးတွေမှာ ကပ်ထားတဲ့ မဲစာရင်းများမှာ မျက်နှာငယ်ရရှာ။

ဒီအချိန်မှာပဲ စစ်ဗိုလ်အရေခွံချွတ် ကြံ့ဖွံ့အမတ်ဟောင်း ဘူးလက်လှဆွေက “မဲစာရင်းတွေ အမှားများနေတယ်” ဆိုတဲ့ ကျည်ဆန်ကို လူမှုကွန်ရက်ကတဆင့် ပစ်ထည့်လိုက်ပါတော့တယ်။ ဘူးလက်လှဆွေ ပစ်ထည့်လိုက်တဲ့ ကျည်ဆန်ဟာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်သတင်းတွေကို ဖော်ပြနေတဲ့ သတင်းမီဒီယာတွေကို တည့်တည့် ထိမှန်ပါတယ်။ မဲစာရင်းတွေ မှားနေကြောင်း ဘူးလက်လှဆွေက ပြောတဲ့အကြောင်းတွေကို သတင်းအဖြစ် လိုက်ရေးကြရင်း ရေးကြရင်းနဲ့ UEC ရဲ့ လုပ်ငန်းစဉ်ကို အခမဲ့ ကူလီထမ်း (Promotion) လုပ်ပေးကြရပါတော့တယ်။

ဒါ့အပြင် ကလိမ်စေ့ငြမ်းဆင် ကျွမ်းကျင်လှတဲ့ ဘူးလက်လှဆွေဟာ သူသုံးနေကြ Tik Tok ကနေ ကိုယ်ယောင်ဖျောက်နေလိုက်ပါတယ်။ ဖုန်းတွေကိုလည်း လက်ခံမဖြေဆိုတော့ပါဘူး။ ဒီမှာပဲ  ဘူးလက်လှဆွေကို စစ်တပ်က ခေါ်ယူစစ်မေးနေသယောင်ယောင်၊ ဖမ်းထားသယောင်ယောင် ကောလာဟလတွေကို မဘသနဲ့ ကြံ့ဖွံ့အသိုင်းအဝိုင်းက ဖြန့်ပါတော့တယ်။ သတင်းမီဒီယာ တချို့လည်း စစ်တပ်က ဘူးလက်လှဆွေကို စစ်မေးနေတယ်လို့ ခေါင်းစဉ်တပ် ရေးလိုရေး၊ ဖမ်းထားပြီလို့ ရေးလိုရေးနဲ့ မရေရာတဲ့ အကြောင်းအရာကို ခေါင်းစဉ်တပ်ရေးကြရင်း စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို လူသိများအောင် အခမဲ့ ကူလီထပ်ထမ်းကြရပြန်ပါတယ်။ ဘူးလက်လှဆွေကို စစ်တပ်က ထိန်းသိမ်းစစ်မေးနေတယ်လို့ ခေါင်းစဉ်တပ်တဲ့အခါ ဘာ့ကြောင့်ဆိုတဲ့ အကြောင်းရင်းကို ဖော်ပြကြရတာကြောင့် “မဲစာရင်းအမှားများကြောင်း ပြောဆိုခဲ့တဲ့ ဦးလှဆွေ” လို့ ထည့်သွင်းရေးသားကြရင်း စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို လှုံ့ဆော် ပေးကြရသူတွေ ဖြစ်မှန်းမသိ ဖြစ်ကုန်ကြပါတော့တယ်။

ဒီလိုတွေဖြစ်လာမယ်မှန်း သတင်းမီဒီယာသမားတွေရဲ့ သဘောကို တခြားကြံ့ဖွံ့ဝင်တွေထက် ဘူးလက်လှဆွေက ပိုသိပါတယ်။ မီဒီယာသမားတွေကို ဘယ်လိုအသုံးချရမှန်း ဘူးလက် သိခဲ့လို့လည်း သတင်းဌာနတခုကနေတောင် သူ့ရဲ့ အသံလွှင့်ဆောင်းပါးတွေကို လွှင့်ထုတ်ပေးခဲ့ရဖူးပါတယ်။ ခေသူမဟုတ်တဲ့ ဘူးလက်ပါ။ ဘူးလက်ရဲ့ ဆိုက်ဝါးကို ဖြည့်ဆည်းပေးသူကတော့ စစ်တပ် ပြန်ကြားရေးပါပဲ။ ဘူးလက်ကို စစ်မေးနေပါသလား ဆိုတဲ့ အောင်မင်းရဲ့ အမေးကို စစ်တပ်က ချက်ချင်းပြန်မဖြေဘဲ သုံးရက်လောက် နှပ်ထားလိုက်ပါတယ်။ လေး ငါးရက်ကြာမှ ပြန်ဖြေတာက ထိန်းသိမ်းစစ်မေးခြင်း မရှိပါဘူးတဲ့။ အဲဒီအချိန်မှာ သတင်းမီဒီယာတချို့က ကိုယ့်အထင်နဲ့ကိုယ် ရမ်းကြိတ် ခေါင်းစဉ်တပ်ကြရင်းနဲ့ အခမဲ့ ကူလီထမ်းပေးပြီးခဲ့ကြပါပြီ။

ရိုးရိုးလေး တွေးကြည့်ရင်ကို ရှင်းပါတယ်။ မဲစာရင်းနဲ့ ပတ်သက်ပြီး ဘူးလက် ပြောသွားတဲ့အထဲမှာ ငြိစွန်းစရာ ဘာတခုမှ မပါပါဘူး။ ဒါ့အပြင် သူက လက်ရှိ ကြံ့ဖွံ့ပါတီရဲ့ ထိပ်ပိုင်း အဖွဲ့ဝင်တယောက်ပါ။ ဖမ်းစရာ ဘာအကြောင်းမှ မရှိတာကို သတင်းသမားတချို့က အဖမ်းခံရပြီလို့ ထင်ကုန်ကြတာဟာ ဆိုက်ဝါးမိတာပါပဲ။ စစ်တပ်ဟာ နိုင်ငံရေးသမားတွေကို နိုင်ငံရေးဆော့သူတွေ၊ ကစားသူတွေ၊ ကူလီကူမာနိုင်သူတွေအဖြစ် ရှုမြင်ပြီး ဝါဒဖြန့် ပြောဆိုလေ့ရှိပေမဲ့ သူတို့ လုပ်ရင်တော့ စိတ်ဓာတ်စစ်ဆင်ရေး (Psychology War) လို့ ခန့်ခန့်ညားညား သုံးလေ့ရှိပါတယ်။ အခုကိစ္စမှာလည်း စစ်တပ်အရာရှိဟောင်းနဲ့ စစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးထဲ သတင်းသမားတချို့ ကျဆုံးကုန်ခဲ့ရပါပြီ။

ရှေ့လျှောက်လည်း စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ (Psycho-War) တွေ များစွာ ပေါ်ထွက်လာဦးမှာပါ။ အမှားထောက်ချင်သူတွေရှေ့မှာ အမှားများများ လုပ်ပြခြင်းဖြင့် ကိုယ်လုပ်တဲ့အလုပ် လူပိုသိလာအောင် လုပ်လို့ရတယ်ဆိုတဲ့ သဘောတရားကို စစ်တပ်က နောကျေနေတာပါ။ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပြောကြ၊ ရေးကြရင်းနဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ လှုံ့ဆော်မှုကို အခမဲ့ ကူလီထမ်းပေးရသလို မဖြစ်ရေး၊ ဘူးလက်ရဲ့ ကျည်ဆန်မျိုး ထပ်မမှန်စေရေး သတင်းသမားများ အထူး အထူး သတိချပ်သင့်ကြောင်းပါခင်ဗျား။

စောအဲမွန်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013