DVB Logo
Home
မြန်မာသတင်း
မြင်းခြံနှင့် နွားထိုးကြီးက စစ်ရှောင် ၁၀,၀၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါး လိုအပ်နေ
DVB
·
October 14, 2025
မြင်းခြံနှင့် နွားထိုးကြီးက စစ်ရှောင် ၁၀,၀၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါး လိုအပ်နေ
Donate to DVB

မန္တလေးတိုင်း၊ မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်အတွင်းက ပျူစောထီးခေါင်းဆောင် သီတာယုမွန်နဲ့ စစ်ကောင်စီတပ် ပူးပေါင်းစစ်ကြောင်းတွေက ရွာတွေကို စစ်ကြောင်းထိုး စီးနင်းနေတာကြောင့် ဒေသခံ ၁၀,၀၀၀ ကျော် စစ်ရှောင်နေရပြီး စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတွေက ပြောပါတယ်။

ညောင်ပင်ရွာ၊ စံပြ၊ သဲတော၊ ခင်မကန်၊ မြောက်ကုန်း၊ တဲ၊ ပျော်ဘွယ်၊ သမုန်းကိုင်း၊ ဗလုံ၊ ကန်ဆင့်တောင်၊ ကန်ဆင့်မြောက်၊ ရွာကြီး၊ ရွာသစ်၊ လက်ဝဲမြင်းနီ၊ တစိုး စတဲ့ ရွာပေါင်း ၂၀ ကျော်က ဒေသခံ ၁၀,၀၀၀ ကျော်ဟာ တောတောင်တွေအတွင်းမှာ ရက်ရှည် စစ်ရှောင်နေရပြီး စားရေးသောက်ရေးနဲ့ နေရေးထိုင်ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်တွေထဲမှာ ကျန်းမာရေးမကောင်းသူ၊ ကိုယ်ဝန်သည်နဲ့ ကလေးငယ်တွေ ပါဝင်နေတာကြောင့် အရေးပေါ်ဆေးဝါးတွေ လိုအပ်နေတာလို့ စစ်ရှောင်အရေး ကူညီနေသူတယောက်က ပြောပါတယ်။

“ဆေးဝါးက အကုန်ကို ပြတ်လပ်ကုန်တာ၊ ဝယ်လို့လည်း မရဘူး။ အပင်တွေအောက်မှာ ဖြစ်သလို နေနေကြရတော့ အကုန်လုံးက ရာသီဥတုဒဏ်ကြောင့် အပူရှပ်တာ၊ ဖျားနာတာ၊ ပန်းနာရင်ကြပ် ဖြစ်တာတွေ များကြတယ်။ စားနပ်ရိက္ခာလည်း လိုပေမဲ့ ဆေးဝါးက ပိုလိုအပ်နေတာပါ။”

စက်တင်ဘာ ၂၅ ရက်ကနေ အောက်တိုဘာလအထိ ညောင်ပင်ရွာကို စစ်အုပ်စုစစ်ကြောင်းတွေ ဝင်ရောက်တပ်စွဲထားပြီး နေအိမ်ရာနဲ့ချီကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်အတွင်းမှာ သီတာယုမွန် ပျူစောထီးအဖွဲ့နဲ့ စစ်အုပ်စု ပူးပေါင်းစစ်ကြောင်းဟာ တရွာဝင်တရွာထွက် စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေဟာ နေရပ်မပြန်နိုင်သေးဘဲ စစ်ဘေးရှောင်နေကြရပြီး ကူညီထောက်ပံ့နေတဲ့ အလှူရှင်တချို့လည်း နည်းပါးလာတယ်လို့ ဆိုပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တခု ဖြစ်တဲ့ Data for Myanmar ရဲ့ အခုနှစ် မတ် ၁ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်း ၃ နှစ်ကျော်အတွင်း နိုင်ငံတဝန်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် ၁၀၆,၄၀၉ ရှိပြီး အဲဒီအထဲက စစ်ကိုင်းတိုင်းမှာ နေအိမ် ၇၀,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်နေတဲ့ မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ၃ ဒသမ ၆ သန်းအထိ တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က အခုနှစ် စက်တင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013