
ကရင်နီပြည်နယ်ထဲက မြို့နယ် ၄ ခုနဲ့ ရှမ်း-ကရင်နီနယ်စပ်က မြို့နယ်တခုမှာ စစ်ကောင်စီတပ်က စစ်မျက်နှာ ၅ ခုဖွင့်ပြီး ထိုးစစ်ဆင်နေတဲ့အတွက် တော်လှန်ရေးအင်အားစုနဲ့ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်ဘက်က အသေအဆုံးတွေရှိတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က အောက်တိုဘာ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
အောက်တိုဘာ တပတ်တာကာလအတွင်း ကရင်နီက လွိုင်ကော်မြို့နယ်အရှေ့ခြမ်း၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်နဲ့ ရှမ်းပြည်တောင်ပိုင်းက ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားတာ ရှိနေပြီး လွိုင်ကော်အရှေ့ခြမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က ၁၀ ယောက်ထက်မနည်း သေဆုံးတဲ့အပြင် လက်နက် ၄ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိကာ ဘောလခဲက တိုက်ပွဲမှာလည်း စစ်တပ်ဘက်က သေဆုံးတာတွေ ရှိတယ်လို့ သိရပါတယ်။
KNDF ရှေ့တန်းသတင်းရင်းမြစ်တယောက်က “စကစ သေဆုံးတာ ၂၀ ဝန်းကျင်လောက် ရှိနိုင်ပါတယ်။ သူတို့ စစ်မျက်နှာတွေလည်း များများဖွင့်ထားတယ်။ တိုက်ပွဲတွေကတော့ နေ့တိုင်းလိုလိုရှိတယ်။ စစ်ကြောင်းလည်း တောက်လျှောက်ထိုးတော့ နေ့တိုင်းပဲ တိုက်ပွဲက” လို့ ပြောပါတယ်။
လွိုင်ကော်အရှေ့ခြမ်းမှာ အောက်တိုဘာ ၆ ရက်နဲ့ ၇ ရက်တွေမှာ လွိုင်လင်လေးမြို့နယ်ဘက်ကို စစ်တပ်နဲ့ PNO ပြည်သူ့စစ်က စစ်ကြောင်းထိုးတဲ့အတွက် ထိတွေ့တိုက်ပွဲ နာရီပိုင်း ဖြစ်ပွားခဲ့ပြီး အထိနာလို့ ပြန်ဆုတ်သွားရင်းကနေ အောက်တိုဘာ ၉ ရက်နေ့မှာ စစ်ကြောင်းထပ်ထိုးလို့ ထိတွေ့တိုက်ပွဲ ၂ ရက်ဖြစ်ကာ စစ်တပ်ဘက်က ၁၀ ယောက်ကျော်သေပြီး လက်နက် ၄ လက်နဲ့ ခဲယမ်း သိမ်းမိတယ်လို့ ဆိုပါတယ်။
ဘောလခဲမြို့နယ်၊ ဝမ်မလန်းကျေးရွာအပေါ်ဘက် တောင်ကုန်းမှာ ကာကင်းချတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်ကြား အောက်တိုဘာ ၆ ရက်က တိုက်ပွဲ နာရီပိုင်းဖြစ်ပွားပြီး စစ်တပ်ဘက်က သေဆုံးသူတွေရှိတယ်လို့ ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရပ်ကွက်နဲ့ တနန်းဥကွိုင်ကျေးရွာကနေ ခေါက်ပလော့ကျေးရွာဘက်ကို စစ်တပ်စစ်ကြောင်းထိုးလို့ အောက်တိုဘာလထဲ နေ့စဥ်တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီး၊ ဒရုန်းနဲ့ နေ့တိုင်း ပစ်ခတ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီးမော့ဆို-ဖရူဆို လမ်းမတလျှောက်မှာလည်း စစ်တပ်က တပ်စွဲထားလို့ ထိတွေ့တိုက်ပွဲ နေ့တိုင်းရှိနေပြီး စစ်တပ်က ပစ်ကွင်းရှင်းတဲ့အနေနဲ့ ဒေါညေးခူနဲ့ ဒေါကူးခူကျေးရွာကြားက နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေကာ ဘောလခဲကို စစ်ကြောင်းထိုးနိုင်ဖို့ ဖရူဆို-ဘောလခဲကြားက မာခရောရှေ့ကျေးရွာမှာ စစ်ရေးလှုပ်ရှားတာရှိတယ်လို့ ဆိုပါတယ်။
ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာမှာ စစ်တပ် တပ်စွဲထားပြီး မြောက်စလုံးကျေးရွာကို ဝင်ရောက်ကာ လူနေအိမ်တွေကို မီးရှို့တာ၊ လက်နက်ကြီး၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေ လုပ်နေတာကြောင့် တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကို ပြည်သူတွေ အသိ၊ သတိနဲ့ လုံခြုံရေးအသိ ရှိနိုင်စေဖို့ တိုက်တွန်းထားပါတယ်။











