DVB Logo
Home
မြန်မာသတင်း
ကရင်နီနှင့် ရခိုင် ကလေးငယ်များအား လေကြောင်းတိုက်ခိုက်မှုကို UNICEF စိုးရိမ်
DVB
·
November 5, 2026
Photo: AA
Photo: AA
Donate to DVB

ကရင်နီ(ကယား) ပြည်နယ်နဲ့ ရခိုင်ပြည်နယ်က စစ်ရှောင်ကလေးငယ်တွေနဲ့ သားဖွားဆေးရုံတွေကို စစ်အာဏာရှင်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေနဲ့ ဆေးဖက်ဆိုင်ရာဝန်ထမ်းတွေ သေဆုံးခဲ့တဲ့အပေါ် အလွန်စိုးရိမ်ပူပန်တယ်လို့ ကုသလမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က နိုဝင်ဘာ ၃ ရက်မှာ ထုတ်ပါတယ်။

လွိုင်ကော်မြို့နယ်မှာ အောက်တိုဘာ ၃၁ ရက်က စစ်ဘေးရှောင်ကလေးငယ်တွေကို စာသင်ကြားမှုပေးနေတဲ့ စာသင်ကျောင်းကို လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ကလေး ၃ ယောက် သေဆုံးပြီး နောက်ထပ် ကလေး ၅ ယောက် ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁ ရက်ကလည်း မြောက်ဦးမြို့ရှိ ယာယီကျန်းမာရေး စောင့်ရှောက်မှုစခန်းတခုကို လေကြောင်းတိုက်ခိုက်ခံရလို့ မွေးကင်းစ ကလေးငယ် အပါအဝင် ကျန်းမာရေးဝန်ထမ်းတချို့လည်း သေဆုံးခဲ့ရပါတယ်။

အခုလို ကလေးငယ်တွေ လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံးမှုဖြစ်စဉ်တွေဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေရဲ့ ဆိုးကျိုးတွေကို ကလေးငယ်တွေ အလူးအလဲ ခံစားနေရတာကို မီးမောင်းထိုးပြနေတဲ့ အသိပေးချက်တခုဖြစ်တယ်လို့ UNICEF က ဆိုပါတယ်။

စာသင်ကျောင်းတွေ၊ ဆေးရုံတို့လို လုံခြုံစိတ်ချစွာ အကာအကွယ်ရရှိသင့်တဲ့ နေရာတွေမှာပင် ကလေးငယ်တွေ သေဆုံး၊ ဒဏ်ရာရရှိနေကြရတာဖြစ်ပြီး ပဋိပက္ခမှာ ပါဝင်ပတ်သက်နေကြတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေ အတိုင်း လိုက်နာကြဖို့နဲ့ ကလေးငယ်တွေကို အကာအကွယ်ပေးဖို့ လိုအပ်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်ပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် စာသင်ကျောင်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုစခန်းတွေနဲ့ ကလေးငယ်တွေ၊ မိသားစုတွေ အမှီပြု နေထိုင်ကြရတဲ့ အခြေခံအဆောက်အဦတွေကို အကာအကွယ်ပေးဖို့လည်း တိုက်တွန်းပါတယ်။

ထိခိုက်ခံစားနေကြတဲ့ ကလေးသူငယ်တွေနဲ့ မိသားစုဝင်တွေရဲ့ လိုအပ်ချက်တွေ ဆန်းစစ်နိုင်ဖို့နဲ့ အကူအညီတွေကို ပံ့ပိုးနိုင်ဖို့ UNICEF အနေနဲ့ မိတ်ဆက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်အာဏာရှင်တပ်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက နိုင်ငံတဝန်းရှိ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ စစ်ရှောင်စခန်းတွေနဲ့ မြို့၊ ရွာတွေကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေလို့ ကလေးငယ်တွေ သေဆုံးဒဏ်ရာရရှိမှုတွေဟာလည်း ဆက်တိုက် မြင့်တက်လာနေပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013