
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာအနီးမှာ တညတည်း နေရာ ၃ ခု ဆက်တိုက် မိုင်းပေါက်ကွဲခဲ့ပြီး စက်သုံးဆီဆိုင် ၂ ဆိုင်နဲ့ ပြည်ထောင်စုလမ်းမကြီးရဲ့ အစိတ်အပိုင်းတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဇွန် ၂၀ ရက် ည ၁၁ နာရီ ၄၀ မိနစ်လောက်မှာ DANKO စက်သုံးဆီဆိုင်အနီး ပထမဆုံး မိုင်းပေါက်ကွဲခဲ့ပြီး၊ အဲဒီနောက် LUCKY GREEN LAND စက်သုံးဆီဆိုင်အနီးမှာလည်း ထပ်မံပေါက်ကွဲခဲ့ပါတယ်။
ဒါ့အပြင် တောင်လေးလုံး–ဟဲဟိုးကြား မိုင်တိုင် ၉၆/၉၇ အနီး ပြည်ထောင်စုလမ်းမကြီးရဲ့ ရေထွက်မြောင်းပြွန်အတွင်းမှာလည်း မိုင်းတလုံး ထပ်မံပေါက်ကွဲခဲ့တာကြောင့် တညတည်း နေရာ ၃ ခုမှာ ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲခဲ့တာပါ။
ဒေသခံတယောက်က “လူထိခိုက်တာတော့ မရှိဘူး။ ဘယ်အဖွဲ့က လုပ်သွားတယ် ဆိုတာလည်း မသိရသေးဘူး။ အခုတော့ ပေါက်ကွဲမှုဖြစ်တဲ့ နေရာတဝိုက်မှာ စစ်တပ်က အင်အားအများအပြားနဲ့ လုံခြုံရေးယူထားတယ်။ ဒေသခံတွေလည်း အခုလို ပေါက်ကွဲမှုတွေ ဖြစ်လာတော့ လုံခြုံရေးအတွက် စိုးရိမ်နေကြတယ်” လို့ ပြောပါတယ်။
ပေါက်ကွဲမှုတွေကြောင့် စက်သုံးဆီဆိုင် နှစ်ဆိုင်ရဲ့ မျက်နှာကြက်၊ တံခါး၊ မှန်နဲ့ အုတ်တံတိုင်းတွေ ထိခိုက်ပျက်စီးခဲ့သလို ပြည်ထောင်စုလမ်းမကြီး ယာဉ်လမ်းကြောတဖက်လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ပေါက်ကွဲသံတွေကို အေးသာယာ၊ ရွှေညောင်နဲ့ ညောင်ရွှေမြို့အထိ ကြားခဲ့ရပြီး ဒီဖြစ်စဉ်အတွင်း လူထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိခဲ့ဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။










