
အီရန်စစ်ပွဲကြောင့် ကမ္ဘာတဝန်းက လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ရေးလမ်းကြောင်းတွေ အကြီးအကျယ် ပြတ်တောက်နေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) က မေ ၁ ရက်မှာပြောပါတယ်။
ဒါဟာ ကုန်ကျစရိတ်တွေကို တက်လာစေသလို အထူးသဖြင့် အာဖရိကဒေသက ဒုက္ခသည်တွေဆီ ပို့မဲ့ အရေးကြီး အကူအညီတွေကိုလည်း ကြန့်ကြာစေတယ်လို့လည်း ဆိုပါတယ်။
အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ ဟော်မုဇ်ရေလက်ကြားအပါအဝင် ပင်လယ်ကွေ့ ဒေသရဲ့ အဓိက သင်္ဘောလမ်းကြောင်းတွေမှာ မလုံခြုံမှုတွေ မြင့်တက်လာတာကြောင့် သယ်ယူ ပို့ဆောင်ရေး ကုန်ကျစရိတ်တွေ မြင့်တက်လာပြီး ပို့ဆောင်မှုတွေ နှောင့်နှေးကုန်ကာ အခြေခံ ကုန်စည် ဈေးနှုန်းတွေ မြင့်တက်လာပါတယ်။
အရေးကြီးတဲ့ ထောက်ပံ့ရေးပစ္စည်းတွေဟာ အကူအညီလိုအပ်နေသူတွေဆီ ရောက်ရှိဖို့ ရက်သတ္တပတ်တွေ ပိုကြာနေတယ်လို့ အေဂျင်စီက ပြောပါတယ်။
ကမ္ဘာ့အကြီးဆုံး ရွှေ့ပြောင်းဒုက္ခသည် ပြဿနာကြုံနေရတဲ့ ဆူဒန်နဲ့ အိမ်နီးချင်း ချဒ်နိုင်ငံကို အကူအညီ ပေးတဲ့ စရိတ်ဟာ အီရန်အကျပ်အတည်း နောက်ပိုင်း ဒေါ်လာ ၉ သိန်းကျော်ကနေ ၁ ဒသမ၈ သန်း ကျော်အထိ ၂ ဆကျော် တက်သွားတယ်လို့ UNHCR ပြောရေးဆိုခွင့်ရှိသူ ကာလော့တာဝုဖ်က ဂျနီဗာမှာ ပြောပါတယ်။
အရင်က ဒူဘိုင်းကနေ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သွားတဲ့ အကူအညီပေးရေး သင်္ဘောတွေဟာ အခုဆိုရင် အာဖရိကတောင်ဘက်စွန်း ဂွဒ်ဟုပ်အငူကို ပတ်သွားနေရလို့ ခရီးစဉ် ၂၅ ရက်လောက် ပိုကြာသွားပါတယ်။
သယ်ယူပို့ဆောင်ရေးမှာ တဒေါ်လာ ပိုသုံးလိုက်တိုင်း ဒုက္ခသည်တွေအတွက် ထောက်ပံ့နိုင်မယ့်ငွေထဲ က တဒေါ်လာ လျော့သွားတာပါပဲ" လို့ ဝုဖ်က ဆိုပါတယ်။
UNHCR ဟာ အလှူရှင်တွေရဲ့ ဖြတ်တောက်မှုကြောင့် ရန်ပုံငွေ အခက်အခဲနဲ့လည်း ရင်ဆိုင် နေရပါတယ်။
လူဦးရေ ၁၃၅ သန်းကို ကူညီဖို့ ဒေါ်လာ ၈ ဒသမ၅ ဘီလီယံရဖို့ ရည်မှန်းထားပေမဲ့ အခုထိ ၂၃ ရာခိုင်နှုန်းပဲ ရပါသေးတယ်။
ဆော်ဒီက ဂျက်ဒါနဲ့ တူရကီက မာရ်ဆင်ဆိပ်ကမ်းတွေမှာ ပိတ်မိနေတာတွေ၊ စစ်ဘေးအန္တရာယ် အာမခံကြေးတွေက ကုန်ပစ္စည်းတန်ဖိုးရဲ့ ၀ ဒသမ ၅ ရာခိုင်နှုန်း ကနေ ၁ ဒသမ ၅ ရာခိုင်နှုန်းအထိ တက်လာတာတွေကြောင့် အခြေအနေ ပိုဆိုးစေပါတယ်။
ရေကြောင်းအစား ကုန်းကြောင်းကို ပိုသုံးလာရလို့ ကုန်တင်ကား ရှားပါးတာနဲ့ ကားခ ဈေးတက် တာ တွေလည်း ကြုံနေရပါတယ်။
ကင်ညာနိုင်ငံ နိုင်ရိုဘီက UNHCR ဂိုဒေါင်တွေမှာလည်း လောင်စာဆီဈေး ၁၅ ရာခိုင်နှုန်းလောက် တက်သွားလို့ အီသီယိုးပီးယား၊ ကွန်ဂိုနဲ့ တောင်ဆူဒန်ကိုပို့မဲ့ ကုန်တင်ကားတွေ ရှားပါးပြီး ကြန့်ကြာ နေပါတယ်။
ဒါ့အပြင် လောင်စာဆီဈေးတက်တာနဲ့ မြေဩဇာ ရှားပါးတာကြောင့် စားသောက်ကုန်ဈေးတွေ တက်လာပြီး နဂိုကမှ ဆင်းရဲဒုက္ခရောက်နေတဲ့ ဒုက္ခသည်တွေအတွက် အခြေခံစားသောက်ကုန် ဝယ်ယူဖို့တောင် ပိုခက်ခဲလာတယ်လို့ UNHCR က သတိပေးထားပါတယ်။
Source:Reuters










