DVB Logo
Home
နိုင်ငံတကာ
စပိန်ပိုင်နက် ဆေအူတာမြို့ကို ရေကူးဝင်ရောက်ရန် ကြိုးပမ်းသူကို မော်ရိုကိုရဲက ပြန်ဖမ်းဆီး
DVB
·
October 28, 2026
Photo: FARO TV
Photo: FARO TV
Donate to DVB

စပိန်နိုင်ငံပိုင်နက် မြောက်အာဖရိကရှိ ဆေအူတာနယ်မြေဘက်ကို ပင်လယ်ကနေ ကူးခတ်ပြီး ဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ ဒုက္ခသည်တယောက်ကို မော်ရိုကို ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၆ ရက်မှာ ပြန်လည် ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။

ရုပ်သံမှတ်တမ်းအရ အဲဒီဒုက္ခသည်ဟာ ဆေအူတာဘက်ကို ဦးတည်ပြီး ရေထဲ ပြန်ဆင်းသွားခဲ့တာဖြစ်ပြီး မော်ရိုကို ရဲလှေ ၂ စင်းက နောက်ကနေ လိုက်လံဖမ်းဆီးခဲ့တာပါ။

ရဲလှေတွေဟာ စပိန်ပိုင်နက် ရေပြင်ထိ ဖြတ်ကျော်ဝင်ရောက်ပြီးမှ သူ့ကို ဖမ်းဆီးကာ မော်ရိုကိုဘက်ကို ပြန်လည်ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၂၃ ရက်ကလည်း ဆေအူတာရှိ ရပ်ကွက်တခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး ဒုက္ခသည်စခန်းတွေကို စတင် ရှင်းလင်းခဲ့ပါတယ်။

ဆူပူသောင်းကျန်းမှုနှိမ်နင်းရေး အပြည့်အစုံ ဝတ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့က လူစုလူဝေးကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး သီးသန့်ပြင်ဆင်ထားတဲ့ ဘတ်စ်ကားတွေနဲ့ တင်ဆောင် မောင်းနှင်ထုတ်ပစ်ခဲ့ပါတယ်။

နွေရာသီတုန်းက အစုလိုက်အပြုံလိုက် နယ်စပ်ဖြတ်ကျော်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် မော်ရိုကိုရဲ့ အရှေ့မြောက် နယ်စပ်မှာရှိတဲ့ ၂၀ စတုရန်းကီလိုမီတာမျှသာ ကျယ်ဝန်းတဲ့ ဆေအူတာ ဆိပ်ကမ်းမြို့ရဲ့ လမ်းမတွေပေါ်မှာနဲ့ တောင်ကုန်းတွေကြားမှာ ဒုက္ခသည်များစွာဟာ အခုထိ ဖရိုဖရဲ ပုန်းအောင်းနေကြတုန်းပဲ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက မော်ရိုကိုဘက်ကနေ ဆေအူတာ ပိုင်နက်နယ်မြေထဲကို လူပေါင်း အနည်းဆုံး ၇၀,၀၀၀ ဝန်းကျင် ဖြတ်ကျော်ဝင်ရောက်ခဲ့ကြတာပါ။

စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်ရဲ့ အစိုးရအဖွဲ့ဟာ ဒီဒုက္ခသည်ပြဿနာကို ဖြေရှင်းဖို့ ဥရောပသမဂ္ဂ (EU) ရဲ့ ဖိအားအပြင် စိတ်ပျက်ဒေါသထွက်နေကြတဲ့ ပြည်သူတွေရဲ့ ဖိအားတွေကိုပါ ရင်ဆိုင်နေရပြီး လာမဲ့ နိုဝင်ဘာ ၂၉ ရက်မှာလည်း ကြိုတင်မျှော်လင့်မထားတဲ့ အရေးပေါ် ရွေးကောက်ပွဲနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

အစိုးရအနေနဲ့ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားမှုတွေကို လျှင်မြန်စွာ စိစစ်ပြီး အများစုကို သူတို့ရဲ့ နေရပ်ရင်း (အဓိကအားဖြင့် မော်ရိုကို) ကို ပြန်ပို့ဖို့ စီစဉ်နေပါတယ်။

သူတို့ကို ဒုက္ခသည် အစစ်အမှန်တွေ မဟုတ်ဘဲ စီးပွားရေးအရ ရွှေ့ပြောင်းလာသူတွေအဖြစ် သတ်မှတ်ထားတာကြောင့် အခုလို ပြန်ပို့ဖို့ လုပ်ဆောင်နေတာဖြစ်ပြီး ဒီလိုလုပ်ရပ်ဟာ ဒုက္ခသည်တွေရဲ့ အခွင့်အရေးကို ချိုးဖောက်ရာ ရောက်သွားမှာကို ဘက်မလိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) က စိုးရိမ်နေကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013