DVB Logo
Home
နိုင်ငံတကာ
အာဖဂန်နစ္စတန်ကို ပါကစ္စတန်က လေကြောင်းမှ တိုက်ခိုက်နေဟု တာလီဘန်အစိုးရ စွပ်စွဲ
DVB
·
October 12, 2025
အာဖဂန်နစ္စတန်ကို ပါကစ္စတန်က လေကြောင်းမှ တိုက်ခိုက်နေဟု တာလီဘန်အစိုးရ စွပ်စွဲ
Donate to DVB

အာဖဂန်နစ္စတန်နိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ နယ်စပ်တွေအနီးမှာ ပါကစ္စတန်က လေကြောင်းတိုက်ခိုက်တာကို အာဖဂန်တာလီဘန် နိုင်ငံခြားရေးဝန်ကြီး အာမီယာခန်း မွတ်တာကီက ရှုတ်ချပြီးတော့ ဒါဟာ ပါကစ္စတန်အစိုးရရဲ့ ကြီးမားတဲ့ အမှားတခုလို့ယူဆတယ်လို့ ပြောပါတယ်။

အောက်တိုဘာ ၁၁ ရက်က နယူးဒေလီမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာ ဖြစ်ပြီး  အစ္စလာမ်မာဘတ်ကတော့ သူတို့ဟာ စစ်သွေးကြွတွေကို တိုက်ခိုက်တာလို့ တုံ့ပြန်ခဲ့ပါတယ်။

သောကြာနေ့က အာဖဂန်နယ်စပ်အနီး တီရာ့ဒေသမှာ အစ္စလာမ္မစ် စစ်သွေးကြွတွေနဲ့ ထိပ်တိုက်တွေ့ကြရာမှာ ပါကစ္စတန်စစ်သား ၁၁ ယောက် သေဆုံးခဲ့ကြောင်း ပါကစ္စတန် လုံခြုံရေးအရာရှိတွေက ပြောပါတယ်။

အစ္စလာမ်မာဘတ်အစိုးရကတော့ အဲဒီသူတွေဟာ အာဖဂန်နစ္စတန်မှ စီမံလုပ်ဆောင်နေတဲ့ တယ်ရိခ်-အီ-တာလီဘန် ပါကစ္စတန်အုပ်စုမှ စစ်သွေးကြွတွေလို့ ပြောထားပြီး အဲဒီပြောဆိုချက်ကို ကဘူးလ်က  ငြင်းဆိုထားပါတယ်။ 

မွတ်တာကီဟာ သူ့ရဲ့ ခရီးသွားလာခွင့် ပိတ်ပင်မှုကနေ ယာယီကင်းလွတ်ခွင့် ရရှိခဲ့ပြီးနောက်မှာ အိန္ဒိယနိုင်ငံ မြို့တော်ကို ၆ ရက်ကြာ ခရီးစဉ် ရောက်ရှိနေတာဖြစ်ပြီး အဲဒီနေ့အစောပိုင်းမှာ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာနဲ့  တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ 

အာဖဂန်နစ္စတန်အနေနဲ့ ဘယ်သူတဦးတယောက်ကိုမျှ စစ်ရေးအရ ဝင်ရောက်စွက်ဖက်တာ ဒါမှမဟုတ် စစ်ရေးအရ ပါဝင်တာကို ခွင့်ပြုမှာမဟုတ်ကြောင်း မွတ်တာကီက သတင်းထောက်တွေကို ပြောကြားလိုက်ပြီး မြို့တော် ကဘူးလ်နားက ဘာဂရမ် စစ်အခြေစိုက်စခန်းကို သိမ်းယူမယ်ဆိုတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ရဲ့ ပြောကြားချက်ကို တုံ့ပြန်လိုက်ပါတယ်။

တာလီဘန်နိုင်ငံခြားရေးဝန်ကြီး မွတ်တာကီက “အာဖဂန်နစ္စတန်ပြည်သူတွေက ဘယ်နိုင်ငံခြားစစ်တပ်ကိုမှ လက်မခံဖူးသလို လက်ခံမှာလည်း မဟုတ်ဘူး။ ဒါဟာ အာဖဂန်နစ္စတန်ကို လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ နိုင်ငံအဖြစ် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ တခြားနိုင်ငံတွေက အာဖဂန်နဲ့ ဆက်ဆံချင်ရင် သံတမန်မစ်ရှင် လာနိုင်ပေမယ့် စစ်ယူနီဖောင်းနဲ့တော့ လက်မခံဘူး” လို့ ပြောပါတယ်။

အာဖဂန်နစ္စတန်တွေရဲ့ သတ္တိကို စမ်းသပ်ချင်ရင်တော့ ဗြိတိန်၊ ဆိုဗီယက်ယူနီယံ၊ အမေရိကန်နဲ့ နေတိုးတို့ကို မေးကြည့်သင့်တယ်၊ သူတို့က အာဖဂန်နစ္စတန်နဲ့ ဂိမ်းကစားရတာ မကောင်းဘူး ဆိုတာကို ရှင်းပြနိုင်လိမ့်မယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ 

အိန္ဒိယနိုင်ငံဟာ သောကြာနေ့မှာ သံတမန်နည်းအရ အထီးကျန်ဖြစ်နေတဲ့ အာဖဂန်နစ္စတန်ရဲ့ တာလီဘန်အစိုးရနဲ့ ဆက်ဆံရေးကို အဆင့်မြှင့်တင်ခဲ့ပြီး တာလီဘန်တို့ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက ပိတ်ထားခဲ့တဲ့ ကဘူးလ်ရှိ အိန္ဒိယသံရုံးကို ပြန်ဖွင့်တော့မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013