DVB Logo
Home
မြန်မာသတင်း
လွတ်ရက်စေ့ပြီးလွတ်လာသည့် နိုင်ကျဉ်း ၁ ဦးကို ထောင်ဗူးဝ၌ပြန်ဖမ်းပြီး အမှုထပ်ဖွင့်
DVB
·
October 11, 2025
လွတ်ရက်စေ့ပြီးလွတ်လာသည့် နိုင်ကျဉ်း ၁ ဦးကို ထောင်ဗူးဝ၌ပြန်ဖမ်းပြီး အမှုထပ်ဖွင့်
Donate to DVB

လွတ်ရက်စေ့လို့ အင်းစိန်အကျဉ်းထောင်က ပြန်လွတ်လာတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုကျော်ကျော်မိုး(ခ) ကိုဇော်ဝင်းမောင်ကို ရဲတွေက ထောင်ဗူးဝမှာပဲ ပြန်ဖမ်းပြီး နောက်ထပ်အမှုတိုး ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

ကိုဇော်ဝင်းမောင်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ အာဏာသိမ်းစစ်တပ်ရဲ့ မတရားဖမ်းဆီးတာကိုခံရပြီး ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့နဲ့ အမှုတွဲဖြစ်တယ်လို့ စစ်တပ်ဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကိုဇော်ဝင်းမောင်ကို မတရားအသင်းဆက်သွယ်တဲ့ ပုဒ်မ ၁၇(၁)၊ ပြည်သူအထိတ်တလန့်ဖြစ်စေမှု ပုဒ်မ ၅၀၅-က တို့နဲ့ ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရပြီး အင်းစိန်အကျဉ်းထောင်မှာ ၄ နှစ် အချုပ်အနှောင်ခံရပြီးနောက် မနေ့က အောက်တိုဘာ ၁၀ ရက်မှာ လွတ်မြောက်လာပေမယ့် အခုလိုပြန်လည်ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

နီးစပ်သူတယောက်က “ဟုတ်တယ်။ ဦးဂျင်မီတို့ အမှုတွဲ။ မနေ့က လွတ်ရက်စေ့တယ်။ ပြန်လွတ်တော့ ထောင်ဗူးဝမှာပဲ ရဲစခန်းက လာခေါ်သွားတယ်။ ဘယ်ရဲစခန်းလဲဆိုတော့ လှိုင်မြို့နယ်၊ ပိတောက်ချောင်း ရဲစခန်းက” လို့ DVB ကို ပြောပါတယ်။

လက်ရှိမှာ သူ့ကို ပိတောက်ချောင်းရဲစခန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မဖြစ်တဲ့ ပုဒ်မ ၅၂(က) နဲ့ ထပ်တိုးအမှုဖွင့်ချုပ်နှောင်ထားတယ်လို့လည်း DVB က စုံစမ်းသိရပါတယ်။

ကိုဇော်ဝင်းမောင်ဟာ ၈၈ မျိုးဆက် ငြိမ်း/ ပွင့်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတယောက်ဖြစ်ပြီး လက်ရှိမှာ သူ့မိသားစုတခုလုံးကို စစ်တပ်ကဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ထားတာပါ။

သူနဲ့နီးစပ်သူတယောက်က “သူ့မိသားစုဝင်တွေက သူ့မိန်းမရယ်၊ သူ့သားနှစ်ယောက်ရယ်၊ သူ့သားအကြီးရဲ့ မိန်းမရယ်၊ သူအပါအဝင် စုစုပေါင်း မိသားစု ၅ ယောက်လုံး အဖမ်းခံထားရတာ” လို့ DVB ကို ပြောပါတယ်။

ကိုဇော်ဝင်းမောင်ရဲ့ အမျိုးသမီး မခက်ခက်လွင်၊ သားကြီးဖြစ်သူ ကိုသီဟ နဲ့ ကိုသီဟရဲ့ ဇနီး မစွမ်းပြည့်မွန်၊ သားငယ် ကိုမြတ်သူတို့ကို စစ်တပ်က ထောင်ဒဏ် နှစ် ၂၀ အထိ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ထားတယ်လို့ သိရပါတယ်။

မခက်ခက်လွင်နဲ့ သားငယ်ဖြစ်သူ ကိုမြတ်သူတို့ကို မူလက ကျိုက်မရောအကျဉ်းထောင်မှာ ချုပ်နှောင်ထားရာကနေ မခက်ခက်လွင်ကို ဒိုက်ဦးအကျဉ်းထောင်ဆီ ပြောင်းရွှေ့ခဲ့ပြီး ဒိုက်ဦးထောင်မှာ ကိုသီဟ နဲ့ ဇနီးဖြစ်သူ မစွမ်းပြည့်မွန်တို့လည်း ထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံရပြီး လွတ်ရက်စေ့လို့ ပြန်လွတ်လာပေမဲ့ ထောင်ဗူးဝကနေ ပြန်ဖမ်းခံခဲ့ရသူ နိုင်ငံရေးအကျဉ်းသားပေါင်း ၇၀ ကျော်ရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013