
ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်မှာ တသက်တကျွန်း ထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား အများစု နှစ် ၄၀ လျှော့ပေါ့ပြစ်ဒဏ် မရဘူးလို့ ထောင်တွင်း နီးစပ်သူတွေဆီက သိရပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ဧပြီ ၁၇ ရက် နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းထုတ်ပြန်ချက်မှာ ထောင်ဒဏ် တသက် ချခံရသူတွေကို ထောင်ဒဏ်နှစ် ၄၀ အထိ ပြောင်းလဲတယ်လို့ ထုတ်ပြန်ခဲ့ပေမဲ့ ဒိုက်ဦး ထောင်က ထောင်ဒဏ်တသက်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား အများအပြား မပါဝင်ခဲ့ဘူးလို့ ဆိုပါတယ်။
ဒိုက်ဦးထောင်နဲ့ နီးစပ်သူတယောက်က “ပြစ်ဒဏ်လျှော့ပေးတာကို By Name နဲ့လာတာ။ အဲဒီလိုဆိုလည်း ပြည်သူတွေကို ဂယောင်ချောက်ချား ပျော်အောင် မလုပ်နဲ့ပေါ့။ အခု အကုန်လုံး က ရတယ်ထင်ပြီး ပျော်နေကြတာ။ တသက်ကျနေတဲ့ အကျဉ်းသားတွေကို နှစ် ၄၀ အဖြစ် လျှော့ပေးတယ် ပြောတယ်။ တကယ်က မရကြတာများတယ်” လို့ DVB ကို ပြောပါတယ်။
ဒိုက်ဦးအကျဉ်းထောင်မှာ ထောင်ဒဏ်တသက်ချခံထားရသူ ၇၉ ယောက်ရှိပြီး အဲဒီအထဲကမှ အမျိုးသမီး တယောက်၊ အမျိုးသား ၃၄ ယောက်ကို နှစ် ၄၀ လျှော့ပေးလိုက်တာလို့ ဆိုပါတယ်။
ပြစ်ဒဏ်လျှော့ပေးလိုက်သူတွေထဲမှာလည်း နိုင်ကျဉ်းတွေအပြင် တခြားအမှုတွေပါ ပါဝင်သလို ကျန်ရှိသူတွေထဲမှာလည်း နိုင်ကျဉ်းတွေအပြင် တခြားအမှုတွေလည်း ပါဝင်နေတယ်လို့ သိရ ပါတယ်။
“သူတို့ထုတ်ပြန်ချက်ထဲမှာ ထောင်ဒဏ်တသက် ကျခံနေရသူတွေကို ထောင်ဒဏ်နှစ် ၄၀ လျှော့တာပေါ့။ အဲဒီမှာ အရင်က လွတ်ငြိမ်းနဲ့ သေဒဏ်ကနေ ထောင်ဒဏ်တသက် ပြောင်းလဲ ထားသူတွေ မပါဘူးလို့ ပါတယ်။ အခု လူရွေးပြီး ချန်ထားခံရတဲ့ နိုင်ကျဉ်းတွေထဲမှာ အဲဒီလို လူတွေလည်း မပါဘူး။ တရားရုံးက အမိန့်စချကတည်းက တသက်ပဲ” လို့ ဆက်ပြောပါတယ်။
DVB က စုံစမ်းသိရှိရတဲ့ သတင်းအချက်အလက်အရ သာယာဝတီအပါအဝင် အကျဉ်းထောင် တွေမှာ လွတ်ငြိမ်းချမ်းသာခွင့် မရကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြောက်အမြား ရှိနေသလို စစ်တပ်ရဲ့ ထုတ်ပြန်ချက် ၃ ခုနဲ့ မကိုက်ညီဘဲ ပြစ်ဒဏ်လျှော့ပေါ့ပေးတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
သေဒဏ်ကျခံနေရသူတွေ ထောင်ဒဏ် တသက်ပြောင်းတာ၊ ထောင်ဒဏ် တသက်ကျခံနေရသူတွေ နှစ် ၄၀ ပြောင်းတာနဲ့ ထောင်ဒဏ်နှစ် ၄၀ အထက် ကျခံနေရသူတွေကို နှစ် ၄၀ ပြောင်းလဲ ပေးတာမှာ By Name တွေနဲ့ပဲ လူရွေးလျှော့ပေါ့ပေးတာလို့ သိရပါတယ်။











