
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ နွားကျောင်းဖို့လာတဲ့ ဘန်းလမွတ်ကျေးရွာသား ၂ ယောက်ကို PDF နဲ့ပတ်သက်ဆက်နွှယ်တယ်လို့ စစ်တပ်က မှားယွင်းဖမ်းဆီးခဲ့ပြီးနောက် ပြန်လွတ်လာတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
အောက်တိုဘာ ၁၀ ရက် မနက် ၇ နာရီလောက်က နွားကျောင်းဖို့ရွာကထွက်လာတဲ့ ဘန်းလမွတ်ရွာခံ အသက် ၅၀ အရွယ် ဦးယုထိန်နဲ့ တူဖြစ်သူ အသက် ၃၀ အရွယ် ကိုဆန်းထိုက် တို့ကို ဘန်းလမွတ်ရွာလမ်းဆုံမှာရှိတဲ့ စစ်သားတွေက ဖမ်းဆီးပြီး မော်တုန်းရွာအခြေစိုက် ၃ဝ၆ အမြောက်တပ်ကို ခေါ်ဆောင်သွားတယ်လို့ ပြောပါတယ်။
အဲဒီနောက် မိသားစုဝင်တွေကနေ အမြောက်တပ်ကိုသွားပြီး တပ်ရင်းမှူးနဲ့ စကားပြောဆိုပြီးနောက် မှားယွင်းစွပ်စွဲတာဖြစ်တဲ့အတွက် ညနေ ၃ နာရီခွဲလောက်မှာ ပြန်လွှတ်ပေးလိုက်တာလို့ ဒေသခံ ရွာသားတယောက်က ပြောပါတယ်။
“ကိုဆန်းထိုက်ကို ထောက်ပို့လားလို့လည်း မေးတယ်တဲ့။ တိုင်ကြားထားသမားရှိလို့တဲ့။ သတ်ပစ်မလို့ဆိုပြီး ဓားနဲ့တောင်ချိန်ထားတယ်တဲ့။ သူ့ဦးလေးက တောင်းပန်ငိုယိုလို့ ဘာမှမလုပ်တော့တာပါ။ ရွာက မိသားစုဝင်တွေအများကြီး အမြောက်တပ်ကိုလိုက်သွားပြီး ပြန်ခေါ်လာတာပါ။ တပ်ရင်းမှူးသဘောကောင်းလို့လည်း ပါပါတယ်"
တိုက်ပွဲတွေကြောင့် ဘန်းလမွတ်ကျေးရွာက ရွာလုံးကျွတ်နီးပါးဟာ နှစ်အကြာကြီး စစ်ရှောင်နေကြရသလို အနည်းစုပဲ ရွာမှာကျန်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေက ရွာထဲလူနေအိမ်တွေနဲ့ လမ်းဆုံလမ်းခွမှာ အထိုင်ချတပ်စွဲထားတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်နေ့တုန်းကလည်း တနင်္သာရီမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်မြေဖြစ်တဲ့ ကမ်းတိုရွာထဲကို စစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်းပြီး စစ်ရှောင်ပြည်သူ ၃၂ ယောက်ကို ဖမ်းဆီးသွားခဲ့ပါသေးတယ်။











