
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီး၊ တောင်သာ၊ ငါန်းဇွန်၊ မြင်းခြံမြို့နယ်တွေထဲက ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စိုးမိုးနယ်မြေအများစုကို မေလဆန်းကစပြီး စစ်အာဏာရှင်တပ်က ပြန်ထိန်းချုပ်လိုက်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
မြင်းခြံခရိုင်ကို စစ်တပ်က ၂၀၂၅ နိုဝင်ဘာလကတည်းက ဖိအားပေးတိုက်ခိုက်ခဲ့တာဖြစ်ပြီး အချိန် ၆ လကျော်အကြာမှာ အသာစီးယူသွားခဲ့တာပါ။
မေ ၉ ရက်အထိ စစ်တပ်ရဲ့အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် ဒေသကာကွယ်ရေး အဖွဲ့ဝင်တွေနဲ့ ပြည်သူတွေ ထိခိုက်သေဆုံးမှုများခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဆက်တိုက်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် မြင်းခြံမြို့နယ်ထဲက ကမ်းပါးနီ၊ ဖက်ပင်အိုင်၊ ဆင်ချောင်း၊ ညောင်တို၊ ကိုင်း၊ ရန္တပို၊ နဘူးအိုင်၊ မရိုးကုန်းတို့အပါအဝင် ကျေးရွာ ၁၀ ရွာက ပြည်သူ ၅,၀၀၀ ကျော်ဟာ ဧရာဝတီမြစ်ကို ဖြတ်ကူးပြီး စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက ကျေးရွာတွေဆီကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ငါန်းဇွန် ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတယောက်က "PDF က စိုးမိုးထားတဲ့နယ်မြေတွေ အကုန်လုံး စစ်ကြောင်းပြန်ဝင်ထားတာပေါ့၊ လောလောဆယ် သူတို့ထိုးလာတာကတော့ ၃ ဖွဲ့ထိုးလာတာပေါ့၊ တဖွဲ့ကို အနည်းဆုံးအောက်ထစ် ၂၀၀ ဝန်းကျင်လောက်ရှိတယ်၊ ရက် ၁၀၀ သူတို့စီမံကိန်းအတွင်း သူတို့လှုပ်ရှားမှုကတော့ သူတို့ဘက်ကတော့မဆိုးဘူးဗျ၊ မနေ့က ရွာတရွာမှာ ပြည်သူတွေကို ဒရုန်းနဲ့လိုက်ချတာ ထိခိုက်တဲ့သူတွေလည်းရှိကြတယ်ဗျ၊ ခုနောက်ပိုင်း သူတို့နည်းပညာကတော့ ဒရုန်းနဲ့ပဲလှုပ်ရှားနေတာဗျ၊ ပထမပိုင်းကို ဒရုန်းနဲ့ကင်းထောက်လွှတ်တယ်၊ လွှတ်ပြီးရင် ဒရုန်းနဲ့လိုက်ချတယ်၊ ဒရုန်းနဲ့လိုက်ချပြီးရင် သူက ဟောင်ဝစ်ဇာနဲ့ အနောက်ကနေ လှမ်းကူထုတာပေါ့၊ ထုပြီးသွားမှ စစ်ကြောင်းဝင်ထိုးတာပေါ့၊ လေယာဉ်ပစ်ကူကတော့ လောလောဆယ် တော်တော်နည်းတယ်ဗျ၊ သူတို့က နည်းပညာပိုင်း တော်တော်ကောင်းတယ်၊ အခက်အခဲကတော့ ကျနော်တို့အဖွဲ့အစည်းအနေနဲ့ကတော့ ဖြစ်သလို နေလို့ရတာပေါ့၊ ပြည်သူတွေအနေနဲ့ကျတော့လည်း ကိုယ့်အိုးအိမ်စွန့်ခွာပြီးသွားရတာဆိုတော့ စားဝတ်နေရေးတော့ အခက်အခဲရှိကြတာပေါ့၊ သူတို့စစ်တပ်ကတော့ နည်းပညာပိုင်း လက်နက်ခဲယမ်းကအစ အကုန်သာတာလေ။ လက်နက်ခဲယမ်းမပြည့်စုံတာကြောင့် ကျဆုံးတဲ့ ရဲဘော်တွေလည်း မနည်းတော့ဘူး”လို့ ပြောပါတယ်။
မြင်းခြံခရိုင်ရဲ့ ဧရာဝတီမြစ်တဖက်ကမ်း၊ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူ၊ ပေါက်၊ မြိုင်၊ ရေစကြို၊ ပခုက္ကူမြို့နယ်တွေမှာလည်း စစ်တပ်က အင်အားအများအပြားသုံး ပြီး နယ်မြေပြန်ထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။
မန္တလေးတိုင်း၊ မိတ္ထီလာဘက်က အင်အားတွေ မကွေးတိုင်းဘက်ကိုဖြည့်တင်းနေသလို မကွေးတိုင်းအောက်ဘက် ဧရာဝတီတိုင်းဘက်ကအင်အားတွေလည်း မကွေးတိုင်းဘက်ကို ဦးတည်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
မကွေးတိုင်းအနောက်ပိုင်း ရခိုင်ပြည်နယ်ဘက်က အာရက္ခတပ်တော် (AA) ရဲ့ စုဖွဲ့မှုတွေ မန္တလေးတိုင်းဘက် ကျွံဝင်မလာအောင် ထိန်းချုပ်နိုင်ဖို့ စစ်တပ်က ကြိုးစားနေတာလည်း ဖြစ်ပါတယ်။
အမှတ် ၃ စစ်ကြောင်း ပြန်ကြားရေးတာဝန်ရှိသူ ရဲဘော်ပြည့်ဖြိုးကျော်က "ဒီပခုက္ကူခရိုင်ထဲမှာတော့ ပေါက်မြို့နဲ့ ဆိပ်ဖြူနဲ့အစပ်မှာ ကပစ ၂၄ ကို အခြေပြုပြီးတော့ ပြင်ဦးလွင်-နောင်ချိုဘက်က ဆင်းလာတဲ့ကားတွေက အင်အား ၅၀၀ ဝန်းကျင်နဲ့ သူတို့ အခြေပြုပြီးတော့ စစ်ကြောင်းထိုးနေတယ်။ နောက်ထပ်လည်း မနေ့က ကျနော်တို့ထပ်သိတာ အင်အားတွေ ထပ်ဝင်လာသေးတယ်။ တပ်မ ၉၉ မိတ္ထီလာကနေပြီးတော့ ပခုက္ကူဘက်ကို ဦးတည်လာနေတဲ့ စစ်ကြောင်း၊ ယာဉ်တန်းတခုလည်းရှိလာသေးတယ်ဗျ။ ဆိပ်ဖြူ-ဆောလမ်း သူတို့စိုးမိုးရေးအနေနဲ့ ကျနော်ကတော့ ထင်တယ်ပေါ့။ ပြီးတော့ ဆိပ်ဖြူ-ပေါက်လမ်းပေါ့၊ ရန်သူက နယ်မြေစိုးမိုးရေးနဲ့ ရှင်းလင်းရေးအတွက်ကို စစ်ကြောင်းစပြီးလှုပ်ရှားနေတယ်လို့ မြင်နေရတယ်ဗျ။ အဓိကကတော့ အဲ့ဒီကနေ ချင်းပြည်နယ်ကိုတက်မဲ့ အပေါက်ပေ့ါနော်၊ ချင်းပြည်နယ်တောင်ပိုင်းဘက်ကို သူတို့သွားမယ်လို့ ထင်တယ်ပေါ့။ ယောဟိုဘက်မှာရှိတဲ့ ကျောက်ထုကတပ်နဲ့လည်း သူတို့ ချိတ်ဆက်မှုလည်းရသွားအောင် ဆိုတဲ့ပုံစံမျိုး ကျနော် ယူဆပါတယ်။ ဒေသတွင်းတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ တိုက်ပွဲတွေဖြစ်နေတာပဲ၊ သူတို့ဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေရှိတယ်။ ကိုယ့်ဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေ ရှိတယ်။ အဲဒီအချိန်မှာ သူတို့ကတော့ သူ့ရဲ့အားသာချက်ဖြစ်တဲ့လေကြောင်းကနေ တိုက်ခိုက်တဲ့ အခြေအနေတွေတော့ ရှိတယ်ဗျ။"
တရုတ်အစိုးရက မြောက်ပိုင်းမဟာမိတ်တွေကို ဖိအားပေး ဆုတ်ခွာစေခဲ့တဲ့ ၂၀၂၅ နှစ်ကုန်ပိုင်းကစပြီး စစ်တပ်က မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်း-မကွေး-မန္တလေး-ရှမ်းပြည်နယ် အစပ်ကမြို့တွေနဲ့ အခြေစိုက်စခန်းတွေကို ဗျူဟာတကျပြန်သိမ်းခဲ့တာပါ။
ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးအတွက် အရေးပါတဲ့ လမ်းပိုင်းတွေကို ပစ်မှတ်ထားခဲ့ပြီး အချိန် ၆ လကျော် ၇ လအတွင်းမှာ မြန်မာနိုင်ငံအလယ်ပိုင်းမှာ လက်လွှတ်ထားရတဲ့ PDF စိုးမိုးနယ်မြေအများစုကို စစ်တပ်က ပြန်ထိန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။










