
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့မှာ စစ်ဘေးရှောင် ၇ ယောက်ကို အောက်တိုဘာ ၉ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။
အဖမ်းခံရတဲ့ စစ်ဘေးရှောင်တွေဟာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ဘက်ကနေ နေရပ်စွန့်ခွာ ထွက်ပြေးလာတဲ့သူတွေဖြစ်ပြီး ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ချောင်းဝတံတားအနီး အရောက်မှာ ဖမ်းဆီးခံရတာလို့ သိရပါတယ်။
ဧရာဝတီတိုင်းက စစ်ရှောင်အရေး ကူညီပေးနေသူတယောက်က “ငရုတ်ကောင်းမြို့ထဲ အဝင်မှာ အဖမ်းခံရတာ။ ကျောက်ဖြူဘက်ကလာတဲ့ စစ်ရှောင်တွေလို့ သိရတယ်။ စစ်ကောင်စီတပ်က ဒီဘက်ကို အဝင်ကိုမခံဘဲ ဖမ်းလိုက်တာလို့ သိရတယ်။ မိန်းကလေးတွေလည်းပါတယ်” လို့ ပြောပါတယ်။
အဲဒီ အဖမ်းခံရတဲ့ ရခိုင်စစ်ဘေးရှောင် ၇ ယောက်ထဲမှာ အမျိုးသား ၅ ယောက်၊ အမျိုးသမီး ၂ ယောက်ဖြစ်ပြီး စစ်ကောင်စီတပ်က အမျိုးသား ၅ ယောက်ကို သီးသန့် စစ်ဆေးဖို့ဆိုပြီး စစ်ကားနဲ့ ခေါ်သွားတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူဆီက သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “AA တပ်ကဆိုပြီး ဖမ်းခဲ့တာလို့ တပ်ဘက်က ပြောနေတယ်။ အမျိုးသားတွေကို သပ်သပ်စစ်မေးဖို့ဆိုပြီး ခွဲဖမ်းချုပ်ထားတယ်။ အုပ်ချုပ်ရေးမှူးတွေနဲ့ ကင်းလှည့်တပ်က ဖမ်းထားတာ” လို့ ပြောပါတယ်။
လတ်တလော ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ငရုတ်ကောင်းဒေသမှာ စစ်ကောင်စီက တပ်အင်အား ဖြည့်တင်းထားသလို ရေတပ်နဲ့ ခြေလျင်တပ် ပေါင်းပြီး ကင်းလှည့် စစ်ဆေးတာတွေလည်း တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၂၉ ရက်ကလည်း ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ် ဟိုင်းကြီးကျွန်းမြို့ ပင်လယ်ပြင်မှာ ရေလုပ်သား ၂ ယောက်ကို စစ်ကောင်စီတပ်က အာရက္ခတပ်တော် (AA) နဲ့ ဆက်သွယ်မှုရှိတယ်ဆိုပြီး ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။











