DVB Logo
Home
မြန်မာသတင်း
မြန်မာလူငယ် ၆ သန်းကျော် ညအချိန် လုံးဝလုံခြုံမှုမရှိဟု ခံစားနေရကြောင်း ကုလထုတ်ပြန် 
DVB
·
October 10, 2025
မြန်မာလူငယ် ၆ သန်းကျော် ညအချိန် လုံးဝလုံခြုံမှုမရှိဟု ခံစားနေရကြောင်း ကုလထုတ်ပြန် 
Donate to DVB

မြန်မာနိုင်ငံက လူငယ်ဦးရေ ၂ သန်းခွဲနီးပါးဟာ ပုဂ္ဂိုလ်ဆိုင်ရာ ဘေးကင်းလုံခြုံမှုအတွက် အမြဲတမ်းနီးပါး စိုးရိမ်ပူပန်နေထိုင်နေကြရသလို ၆ သန်းကျော်ကတော့ ညအချိန်မှာ တယောက်တည်း လမ်းလျှောက်ဖို့တောင် လုံးဝလုံခြုံမှုမရှိဘူးလို့ ခံစားနေကြရတဲ့အကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က သတင်းထုတ်ပြန်ထားပါတယ်။

UNDP ရဲ့ နောက်ဆုံးထုတ်ပြန်ချက်ဖြစ်တဲ့ “ချောက်ကမ်းပါးထက်က မျိုးဆက်- မြန်မာ့ လူငယ်များ၏ လုံခြုံရေးနှင့် လူမှုဘဝ စိန်ခေါ်မှုများ” အစီရင်ခံစာမှာ ခုလိုဖော်ပြထားတာဖြစ်ပြီး အကျပ်အတည်းတွေကြားက ပုဂ္ဂိုလ်ဆိုင်ရာ မလုံခြုံမှုနဲ့ လူမှုဘဝဆိုင်ရာ စိုးရိမ်ရမှုတွေက မြန်မာနိုင်ငံမှာ နေထိုင်သူ လူငယ်တွေအတွက် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ ပိုမိုဖြစ်စေတယ်လို့လည်း သတိပေးထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ကြာရှည်နေပြီဖြစ်တဲ့ မလုံခြုံမှု၊ စီးပွားရေးခက်ခဲမှု၊ နေရပ်စွန့်ခွာရမှုနဲ့ ထိတ်လန့်နေရမှုတွေက လူငယ်တွေရဲ့ လိုအင်ဆန္ဒ၊ ကြောက်ရွံ့မှုနဲ့ စိုးရိမ်ပူပန်မှုတို့ကနေ ကင်းလွတ်ခြင်းဆိုတဲ့ လူသားလုံခြုံရေး (Human Security) ကို ထိခိုက်နေရုံသာမက သူတို့ရဲ့ စိတ်ကျန်းမာရေးကိုပါ ပျက်စီးနေစေတယ်လို့လည်း ဖော်ပြထားတာပါ။

UNDP ရဲ့ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဦးဆောင်ညွှန်ကြားရေးမှူး ကန်နီ ဝစ်ဂ်နာ ရာဂျာက "လူငယ်အများစုအတွက် အကြမ်းဖက်ခံရမှု၊ အတင်းအကျပ် စစ်မှုထမ်းခိုင်းစေခံရမှု၊ ဒါမှမဟုတ် မနက်ဖြန် ဘာဖြစ်မလဲဆိုတာ မသိနိုင်ဘဲ မသေချာ မရေရာမှုတွေကို နေ့စဉ် ကြုံတွေ့နေရတယ်။ ဒီအရာတွေဟာ မြန်မာလူငယ်တွေ နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတခုလို ဖြစ်နေတယ်။ လူငယ်တွေက ထူးခြားတဲ့ ခံနိုင်ရည်ရှိမှုကို ဆက်လက်ပြသနေပေမဲ့ စိတ်ဒဏ်ရာတွေပြည့်နေတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာနေကြတယ်။ ဒါကြောင့် သူတို့ရဲ့ စိတ်ကျန်းမာရေးအတွက် ပိုမိုပံ့ပိုးကူညီမှုတွေ အရေးတကြီး လိုအပ်နေပါတယ်။ သို့‌သော် ရေရှည်တည်တံ့တဲ့ တိုးတက်မှုဆိုတာက လုံခြုံမှု၊ တည်ငြိမ်မှုနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မျှော်မှန်းချက်များဖြင့်သာ ပေါ်ပေါက်လာနိုင်မှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လူငယ်သုံးပုံတပုံနီးပါးက စိုးရိမ်ပူပန်မှု၊ ဒါမှမဟုတ် စိတ်ဖိစီးမှုတွေကို မကြာခဏ ခံစားရကြောင်း ဖော်ပြကြပြီး ဒီနှုန်းထားက ပဋိပက္ခနဲ့ ဆင်းရဲနွမ်းပါးမှု အခံရဆုံး ပြည်နယ်တွေဖြစ်တဲ့ ကယားပြည်နယ်မှာ ၆၀ ရာခိုင်နှုန်းကျော်နဲ့ ချင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ ၄၀ ကနေ ၄၅ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ ဆိုပါတယ်။

အမျိုးသမီးတွေနဲ့ နှိုင်းယှဉ်ရင် ဒီစစ်တမ်းမှာ အမျိုးသားလူငယ်တွေက လုံခြုံမှုမရှိနေဘူးလို့ ပိုမိုဖြေဆိုကြပြီး သူတို့ရဲ့ စိုးရိမ်ထိတ်လန့်မှုတွေ၊ အဲဒီလို မြင့်တက်နေရခြင်းက စစ်မှုထမ်းရနိုင်ခြေနဲ့ တပ်သားအဖြစ် အတင်းအဓမ္မ စုဆောင်းခံရနိုင်ခြေတို့နဲ့ ဆက်စပ်နေတာကိုလည်း ထင်ဟပ်နေသလို ငယ်ရွယ်တဲ့ မသန်စွမ်းအမျိုးသမီးတွေမှာလည်း ကြောက်ရွံ့မှုနဲ့ ထိခိုက်လွယ်မှု အမြင့်ဆုံးအဆင့်ကို ရင်ဆိုင်နေကြရတယ်လို့ စစ်တမ်းက ဆိုပါတယ်။

အဲဒီလိုအခက်အခဲတွေ ရှိနေပေမဲ့ လူငယ်ထက်ဝက်နီးပါးကတော့ သူတို့ရဲ့ ပုဂ္ဂိုလ်ရေး အနာဂတ်အတွက် မျှော်လင့်ချက် ရှိနေဆဲဖြစ်တဲ့အပြင် သုံးပုံနှစ်ပုံက ငြိမ်းချမ်းရေးရရှိဖို့ ဖြစ်နိုင်ခြေ ရှိနေသေးတယ်လို့ ယုံကြည်နေကြဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အဲဒီလို အကောင်းမြင်စိတ်က ထိခိုက်လွယ်နေသလို ဘေးကင်းလုံခြုံမှု၊ ဂုဏ်သိက္ခာနဲ့ အခွင့်အလမ်းတွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေ မရှိပါက မြန်မာနိုင်ငံဟာ လူငယ်မျိုးဆက်တခုလုံးကို ကြောက်ရွံ့မှုနဲ့ စိတ်ပျက်အားငယ်မှုတွေကြားမှာ ဆုံးရှုံးသွားရနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရမယ်လို့လည်း သတိပေးထားပါတယ်။

Source: UNDP Myanmar

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013