DVB Logo
Home
မြန်မာသတင်း
မြန်မာအမျိုးသမီး ၄၂ ရာခိုင်နှုန်း ကိုယ်ပိုင်ဝင်ငွေ လုံးဝမရှိဘဲ အကျပ်အတည်းဆိုက်နေ
DVB
·
July 13, 2026
Photo: UNDP
Photo: UNDP
Donate to DVB

မြန်မာနိုင်ငံက အမျိုးသမီး ၄၂ ရာခိုင်နှုန်းဟာ ကိုယ်ပိုင်ဝင်ငွေ လုံးဝမရှိဘဲ ဖြစ်နေပြီး ဒါဟာ အမျိုးသားတွေထက် ၂ ဆနီးပါး ပိုများနေကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP)  နဲ့ ကုလသမဂ္ဂအမျိုးသမီးအဖွဲ့ (UN Women) ရဲ့ ဇူလိုင် ၁၃ ရက်နေ့ အစီရင်ခံစာအသစ်က ဖော်ပြပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေနဲ့ စီးပွားရေး ပြိုလဲမှုတွေကြားမှာ မြန်မာအမျိုးသမီးတွေဟာ ဝင်ငွေဆုံးရှုံးတာအပြင် အဖိုးအခမရတဲ့ အိမ်မှုကိစ္စနဲ့ မိသားစုဝင်တွေကို ပြုစုစောင့်ရှောက်ရတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို အမျိုးသားတွေထက် ပိုပြီး မမျှမတ ထမ်းပိုးနေရတယ်လို့ အစီရင်ခံစာမှာပါရှိပါတယ်။

လူပေါင်း ၅,၄၀၀ ကျော်ကို ကွင်းဆင်း စစ်တမ်းကောက်ယူပြီး ထုတ်ပြန်လိုက်တဲ့ အဲဒီအစီရင်ခံစာအရ မြန်မာနိုင်ငံမှာ အမျိုးသမီး ၄၂ ရာခိုင်နှုန်းဟာ ကိုယ်ပိုင်ဝင်ငွေ လုံးဝမရှိဘဲ ဖြစ်နေပြီး ဒါဟာ အမျိုးသားတွေနဲ့ယှဉ်ရင် ၂ ဆနီးပါး ပိုများနေတယ်လို့ ဆိုပါတယ်။

အဲဒီလို အလုပ်ခွင်ပြင်ပရောက်နေတဲ့ အမျိုးသမီး ၁၀ ယောက်မှာ ၈ ယောက်နီးပါးဟာလည်း မိသားစုဝင်တွေကို ပြုစုစောင့်ရှောက်ရတဲ့ တာဝန်ကြောင့် အလုပ်မလုပ်နိုင်တာဖြစ်ကြောင်း စစ်တမ်းက ဖော်ပြပါတယ်။

ဒါ့အပြင် စစ်ရေးပဋိပက္ခပြင်းထန်တဲ့ ဒေသတွေမှာ အမျိုးသား အလုပ်အကိုင်ရရှိမှု ၈၂ ရာခိုင်နှုန်း ရှိပေမဲ့ အမျိုးသမီးတွေမှာတော့ ၆၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး အထူးသဖြင့် ကယားပြည်နယ်ဟာ အမျိုးသားနဲ့ အမျိုးသမီး အလုပ်အကိုင်ရရှိမှု ကွာဟချက် အကြီးမားဆုံး ဖြစ်နေပါတယ်။

ကယား (ကရင်နီ) ဒေသက အမျိုးသမီး ၁၂ ရာခိုင်နှုန်းလောက်ပဲ စားနပ်ရိက္ခာ လုံလောက်မှုရှိသလို တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင်လည်း အမျိုးသမီး ထက်ဝက်ကျော်ဟာ စားနပ်ရိက္ခာ မလုံလောက်မှုဒဏ်ကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိ မြန်မာနိုင်ငံမှာ စစ်ဘေးရှောင်နေရတဲ့ ပြည်သူ ၃ ဒသမ ၇ သန်းကျော်ရှိတဲ့အနက် ထက်ဝက်ကျော်ဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက အမျိုးသမီးတွေရဲ့ စီးပွားရေးအခန်းကဏ္ဍဟာ ကျုံ့ဝင်လာပြီး ဝင်ငွေနဲ့ ဆုံးဖြတ်ချက် ချနိုင်ခွင့်တွေ နည်းပါးလာတာကြောင့် နိုင်ငံတကာအနေနဲ့ မြန်မာ့အကျပ်အတည်းအပေါ် ရန်ပုံငွေ တိုးမြှင့်ပံ့ပိုးပေးဖို့၊ ကချင်နဲ့ ကယားပြည်နယ်လို ပဋိပက္ခဒဏ် အပြင်းထန်ဆုံး ခံနေရတဲ့ ဒေသတွေက အမျိုးသမီးတွေအတွက် သင့်တော်တဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ လိုအပ်နေတယ်လို့ UNDP နဲ့ UN Women က တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013