DVB Logo
Home
မြန်မာသတင်း
မော်လိုက် စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၆ ခုနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
DVB
·
October 10, 2025
မော်လိုက် စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၆ ခုနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
Donate to DVB

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်ထဲက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သိမ်းငှက်စစ်ဆင်ရေးမှာ  စစ်ကောင်စီတပ်စခန်း ၆ ခု သိမ်းပိုက်ရရှိ​သလို လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။

ဒါ့အပြင် စစ်သုံ့ပန်းတွေနဲ့ သူတို့ရဲ့မိသားစု​ဝင် အပါအဝင် အယောက်  ၂၀၀ နီးပါး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာသူ ၄ ယောက် ရှိခဲ့တယ်လို့ Mawlaik Revolutions အဖွဲ့က အောက်တိုဘာ ၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Mawlaik Revolutions ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “မော်လိုက်မြို့နယ်ထဲမှာ သိမ်းငှက်စစ်ဆင်ရေးကို တော်လှန်ရေးအင်အားစုတွေ ဖြစ်ကြတဲ့ ခရိုင် တပ်ရင်း ၁၊ ၂၊ ၃၊ ၄၊ မော်လိုက်/ဖောင်းပြင်မြို့နယ် ပကဖ/ပလဖ၊ ခရိုင်ကွပ်ကဲရေးရုံး တိုက်ခိုက်ရေးအဖွဲ့တို့ ပူးပေါင်းပြီး စစ်ဆင်ရေး ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီစစ်ဆင်ရေးအတွင်းကနေ မော်လိုက်မြို့နယ်ထဲမှာရှိတဲ့ စစ်တပ်နဲ့ ပျူ ပူးပေါင်းထိုင်တဲ့ တပ်စခန်း ၆ ခု သိမ်းပိုက်ရရှိ​ခဲ့ပြီးတော့ လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။ အရှင်ဖမ်းမိတာကတော့ စစ်သုံ့ပန်းတွေနဲ့ သူတို့ရဲ့ မိသားစု​ဝင် အပါအဝင် ၂၀၀ နီးပါး ဖြစ်ပါတယ်။ စစ်ဆင်ရေးအတွင်းမှာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာသူက ၄ ယောက် ရှိခဲ့တယ်” လို့ ပြောပါတယ်။

တော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုတွေဟာ မော်လိုက်မြို့နယ်အတွင်းက အဆိုပါ သိမ်းငှက်စစ်ဆင်ရေးကို ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းကနေ စတင်ပြီး စက်တင်ဘာလကုန်ပိုင်းအထိ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

Mawlaik Revolutions ရဲ့ ပြောရေးဆိုခွင့်ရှိသူက “စစ်ဆင်ရေးအတွင်းမှာ လက်နက်ခဲယမ်းတွေနဲ့ အတူ အလင်းဝင်လာသူတွေကတော့ ပစ ၃ ယောက်နဲ့ စစ်ကောင်စီခန့် ဆယ်အိမ်မှူးတယောက်တို့ ဖြစ်ပါတယ်။ သူတို့ကိုတော့ ဆုကြေးငွေတွေ ပေးအပ်ပြီး လုံခြုံတဲ့နေရာမှာ ထားရှိပေးထားပါတယ်။ သူတို့အတွက် လုပ်ငန်းလုပ်ကိုင်နိုင်ဖို့လည်း စီစဥ်ပေးထားတာတွေ ရှိပါတယ်။ အရှင်ဖမ်းမိတဲ့ သုံ့ပန်း ၂၀၀ နီးပါးထဲမှာ စစ်သားတွေနဲ့အတူ ပျူစောထီးတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေလည်း ပါဝင်ပါတယ်။ သူတို့ကိုတော့ သုံ့ပန်းဥပဒေနဲ့အညီပဲ ထိန်းသိမ်း​ပေးထားပါတယ်။ တိုက်ပွဲတွေအတွင်း တော်လှန်ရေးရဲဘော်တချို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါသေးတယ်” လို့ ပြောပါတယ်။

သိမ်းငှက်စစ်ဆင်ရေး ပြီးဆုံးတဲ့နောက်ပိုင်း အခုလက်ရှိအချိန်မှာတော့ မော်လိုက်မြို့ပေါ်မှာရှိတဲ့ စစ်တပ်က တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိထားတဲ့ တပ်စခန်းတွေဘက်ကို ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေသလို ဒရုန်းတွေနဲ့ပါ ဗုံးကြဲနေပါတယ်။

မော်လိုက်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနဲ့ ပျူစောထီးကျေးရွာ အများစုကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိန်းချုပ်ထားနိုင်ပြီး မော်လိုက်မြို့ပေါ်နဲ့ မြို့အနီးဝန်းကျင်က ကျေးရွာအနည်းငယ်ကိုသာ စစ်ကောင်စီတပ်ဘက်က ထိန်းချုပ်ထားနိုင်တော့တယ်လို့လည်း မော်လိုက်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013