
မာလီနိုင်ငံမှာ ရက်အတော်ကြာ ပိတ်ထားခဲ့ရတဲ့ လောင်စာဆီဆိုင်တွေကို အောက်တိုဘာ ၈ ရက်က ပြန်ဖွင့်ခဲ့ချိန်မှာ မာလီမြို့တော် ဘာမာကိုက ဆီဆိုင်တွေမှာ လူတန်းအရှည်ပြီး တန်းစီ စောင့်ဆိုင်းကြရပြီး လောင်စာဆီ ပြတ်လပ်သွားမှာကိုလည်း စိုးရိမ်နေကြပါတယ်။
ပြီးခဲ့တဲ့လက အယ်လ်ကိုင်းဒါးနဲ့ ဆက်နွှယ်နေတဲ့ သောင်းကျန်းသူတွေဟာ လောင်စာဆီ တင်သွင်းမှုကို ပိတ်ဆို့ထားခဲ့တာကြောင့် ပြီးခဲ့တဲ့သီတင်းပတ်ကတည်းက ဆီဆိုင်အများအပြား မဖြစ်မနေ ပိတ်လိုက်ရတာ သို့မဟုတ် ဒီဇယ်သာ ထောက်ပံ့ပေးနိုင်တော့တာတွေ ကြုံခဲ့ရပါတယ်။
ဒါဟာ စစ်သွေးကြွအုပ်စုတွေက မာလီစစ်တပ် ဦးဆောင်တဲ့ အစိုးရကို ဖိအားပေးတဲ့ နည်းဗျူဟာကို ကျင့်သုံးခဲ့တာဖြစ်ပြီး လေ့လာသူတွေကတော့ ကုန်းတွင်းပိတ်နိုင်ငံရဲ့ စီးပွားရေး အသက်ရှူပေါက်ကို ဖြတ်တောက်ချင်တဲ့နည်းလို့ ဆိုကြပါတယ်။
“အိုင်ဗရီကို့စ်၊ ဂီနီ၊ ဆီနီဂေါ သို့မဟုတ် မောရီတေးနီးယားတို့ကဖြစ်စေ မာလီနိုင်ငံကို ဒီဇယ်နဲ့ ဓာတ်ဆီ တင်သွင်းနေတဲ့ ကုန်သည်အားလုံးကို နောက်ထပ်သတိပေးချက် တစုံတရာ မရရှိမချင်း တင်သွင်းမှုကို ရပ်တန့်ထားဖို့ သတိပေးလိုက်တယ်” လို့ JNIM စစ်သွေးကြွအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက စက်တင်ဘာ အစောပိုင်းက ပိတ်ဆို့ထားမှုကို ကြေညာတဲ့ ဗီဒီယိုကို ထုတ်ပြန်ထားပါတယ်။
မကြာသေးတဲ့ ရက်ပိုင်းအတွင်းမှာ ဘာမာကို အလယ်ပိုင်းရှိ ရှဲလ်၊ တိုတယ်လ်နဲ့ စတား လောင်စာဆီဆိုင်တွေမှာ ရောင်းချပေးမှုတွေ ပြတ်တောက်သွားခဲ့ပြီး မော်တော်ဆိုင်ကယ် စီးနင်းသူတွေကို ဝန်ဆောင်မှုပေးနိုင်တဲ့ ဒေသခံ ဆိုင်အနည်းအငယ်လောက်သာ ရှိတော့တယ်လို့ ရိုက်တာ မျက်မြင်သက်သေတွေက ပြောပါတယ်။
မာလီမြို့တော် ဘာမာကို သာမက ဆယ်ဂို၊ မော့ပ်တီနဲ့ စံန် အပါအဝင် တခြားမာလီမြို့တွေက ဆီဆိုင်တွေမှာ တန်းစီစောင့်ဆိုင်းနေကြတဲ့ ဗီဒီယိုတွေလည်း ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေပါတယ်။
Source: Reuters










